News

POST TYPE

FOREIGN AFFAIRS

ဟောင်ကောင်ဆန္ဒပြ ကျောင်းသားခေါင်းဆောင်များ ထောင်ဒဏ်ကင်းလွတ်၊ ရပ်ရွာအကျိုးလုပ်ရန် တရားရုံး အမိန့်ချ
16-Aug-2016
ဟောင်ကောင်စီးတီး၊ သြဂုတ် ၁၆
ထီးတော်လှန်ရေး (Umbrella Revolution)ဟု နာမည်ကြီးသည့် ၂ဝ၁၄ ဒီမိုကရေစီရေး တောင်းဆိုသော ဟောင်ကောင်ကျောင်းသားများ ဆန္ဒပြပွဲ၏ ကျောင်းသား ခေါင်းဆောင်များကို တရားရုံးက တရားမဝင် လူစုလူဝေးမှုဖြင့် အမိန့်ချလိုက်ပြီဖြစ်ကြောင်း VOA သတင်းတစ်ရပ်က ဖော်ပြထားသည်။

ဥပဒေနှင့်မညီသော လူစုလူဝေးတွင် ပါဝင်မှုဖြင့် ဂျော်ရှုဝါဝေါင်းနှင့် နေသန်လောတို့ကို ပြီးခဲ့သည့်လက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယခုအခါ ၎င်းတို့ကို နာရီများစွာ ရပ်ရွာ အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ရန် ပြစ်ဒဏ်ချမှတ်လိုက်သည်။

တရားမဝင် လူစုလူဝေးတွင် အများ ပါဝင်လာအောင် စည်းရုံး လှုံ့ဆော်မှုဖြင့် အဲလက်စ်ချိုးကိုလည်း အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။

၎င်းကိုလည်း ထောင်ဒဏ် သုံးပတ်ကျခံရန် အမိန့်ချခဲ့သော်လည်း ဗြိတိန်တွင် သွားရောက် ပညာသင်ကြားမည် ဖြစ်သောကြောင့် ပြစ်ဒဏ်ကို တစ်နှစ် ဆိုင်းငံ့ခဲ့သည်။

၂ဝ၁၄ ဆန္ဒပြပွဲအတွင်းက ဆန္ဒပြ ကျောင်းသား ပြည်သူများကို ၎င်းတို့ သုံးဦးက ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။

တရုတ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်ပိုင်း ပေးထားသော ဟောင်ကောင်တွင် လွတ်လပ်၍ မျှတသော ရွေးကောက်ပွဲများ ပြုလုပ်ရန်အတွက် အစိုးရရုံးများကို ဝိုင်းဝန်း ဆန္ဒပြမှုများ ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သည်။

ပြည်သူအင်အား သောင်းချီ ပါဝင်လာခဲ့ပြီး လမ်းမများကို ပိတ်ကာ သပိတ်များ ဆင်နွှဲခဲ့ကြကာ ဟောင်ကောင်၏ အဓိက ဘဏ္ဍာရေး လမ်းမများ ၇၉ ရက်ကြာ ရပ်ဆိုင်းသွားခဲ့သည်။

ရဲများ၏ မျက်ရည်ယိုဗုံးများ၊ ငရုတ်ကောင်း စပရေးများကို ကာကွယ်နိုင်စေရန် ထီးများကို သုံးကြရာမှာ ဟောင်ဟောင် ကျောင်းသားလှုပ်ရှားမှုသည် ထီးတော်လှန်ရေးဟု နာမည်ရလာခဲ့သည်။

ဟောင်ကောင် ရရှိထားသော အရပ်သား လွတ်လပ်ခွင့်များကို ထိပါးသည့် တရုတ်၏ ခြေလှမ်းများအတွက် ဟောင်ကောင်ရှိ တက်ကြွ လှုပ်ရှားသူများ စိုးရိမ်လျက် ရှိကြသည်။


  • VIA