News

POST TYPE

FOREIGN AFFAIRS

အမေရိကန်နိုင်ငံ မယ်ဝတ်ကီမြို့တွင် လူမည်းတစ်ဦး သေနတ်ဖြင့် အပစ်ခံရခြင်းမှ စတင်၍ အဓိကရုဏ်းဖြစ်
15-Aug-2016
အမေရိကန်ပြည်ထောင်စု ဝစ်ကွန်ဆန်းပြည်နယ် မယ်ဝတ်ကီမြို့၌ သြဂုတ် ၁၃ ရက်(စနေနေ့) ညပိုင်းက ဆန္ဒပြနေသည့် လူအုပ်ထဲမှ လူမည်းတစ်ဦးကို ရဲအရာရှိက သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းမှ စတင်၍ အဓိကရုဏ်းများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

အဆိုပါ အဓိကရုဏ်းနှင့် ပတ်သက်ပြီး ရဲများကို ကူညီရန် ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြည်နယ်စောင့်တပ်များကို စေလွှတ်ထိန်းသိမ်းခဲ့ရသည်။

သြဂုတ် ၁၄ ရက် (တနင်္ဂနွေနေ့) မွန်းလွဲပိုင်းတွင်မူ အခြေအနေအားလုံးကို ထိန်းချုပ်နိုင်ပြီဟု ဆိုသည်။

ဆာဗီးစမစ် သေဆုံးမှုသည် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် လူအုပ်ကြီးကို ဆူပူအောင် လုပ်လိုက်သလို ဖြစ်သွားပြီး စနေနေ့ညမှ စတင်ကာ ဆိုင်ခြောက်ဆိုင်ကို မီးရှို့ဖျက်ဆီးခြင်း အပါအဝင် ရဲလေးဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး လူ ၁၇ ဦးလည်း ဖမ်းဆီးခံခဲ့ရသည်။

ပစ်သတ်ခဲ့သည့် ရဲ၏ ခန္ဓာကိုယ်တွင် တပ်ဆင်ခဲ့သည့် ဗီဒီယို မှတ်တမ်းအရ အသက် ၂၃ နှစ်အရွယ် စမစ်မှာ ကားဖြင့် ဆန္ဒပြနေသည့် လူအုပ်စုဝေးရာသို့ ရောက်ရှိလာသည့်အခါ ရဲအရာရှိက ကားကိုတားပြီး စစ်ဆေးခဲ့ကြောင်း၊ ယင်းအချိန်တွင် စမစ်က သေနတ်ဖြင့်ပစ်ရန် ချိန်ရွယ်ခဲ့သည်ဟု ရဲချုပ်အတ်ဝေါ့ဖမ်း(လ်) က ဆိုသည်။

ထို့ကြောင့် ရဲအရာရှိ၏ လုပ်ဆောင်ချက်မှာ မိမိကိုယ်ကို ကာကွယ်ရေးအတွက် ပြန်လည်ပစ်ခတ်ရခြင်းမျိုး ဖြစ်ခြင်းကြောင့် တရားဥပဒေဘောင်အတွင်း ဝင်သည့် လုပ်ဆောင်ချက် ဖြစ်သည်ဟု ဆိုသည်။

ပစ်ခတ်ခဲ့သည့် ရဲအရာရှိမှာလည်း အသက် ၂၄ အရွယ်ရှိ လူမဲတစ်ဦးပင် ဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ်ဖမ်း(လ်) က ဆိုသည်။

မြို့တော်ဝန်ကလည်း သတင်းစာရှင်းလင်းပွဲတွင် သေနတ်ကို မြေပေါ်သို့ ပစ်ချရန် ရဲက စမစ်ကို အမိန့်ပေးခဲ့သော်လည်း နာခံခဲ့ခြင်း မရှိဘူးဟု ဆိုသည်။

Source: Reuter