News

POST TYPE

FOREIGN AFFAIRS

နယူးယောက်မြို့ လမ်းမပေါ်တွင် မွတ်ဆလင် တရားဟောဆရာနှင့် တွဲဖက်ပုဂ္ဂိုလ်တို့ ပစ်သတ်ခံရ
15-Aug-2016

နယူးယောက်၊ သြဂုတ် ၁၃

နယူးယောက်မြို့ ကွင်းစ်ခရိုင်ရှိ ဗလီတွင် သြဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်း ဝတ်ပြုအပြီး အတူလမ်းလျှောက် ထွက်လာသော မွတ်ဆလင် တရားဟောဆရာနှင့် တွဲဖက်ပုဂ္ဂိုလ်တို့ နှစ်ဦးကို သေနတ်သမားတစ်ဦးက ပစ်သတ်ခဲ့ကြောင်း အာဏာပိုင်များ၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး Reuters သတင်းက ဖော်ပြသည်။

အိုဇုန်းဥယျာဉ် ရပ်ကွက်အတွင်း နေပူရှိန် ပြင်းထန်နေသည့် မွန်းလွဲ ၁ နာရီ မိနစ် ၅၀ ခန့်တွင် သေနတ်သမားသည် ထိုသူနှစ်ဦး၏ အနောက်မှ ချဉ်းကပ်လာပြီး ခေါင်းကို တည့်ပစ်ခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး မည်သူ့ကိုမျှ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်းလည်း ထုတ်ပြန်ထားသည်။

မည်သည့်ရည်ရွယ်ချက်ဖြင့် ပစ်ခတ်ခဲ့သည် ဆိုခြင်းကိုမူ မသိရသေးသလို သေဆုံးသူ နှစ်ဦးကို ၎င်းတို့၏ ကိုးကွယ်ယုံကြည်မှုကြောင့် ပစ်မှတ်ထားသည်ဟု ဆိုလောက်ဖွယ် အထောက်အထားလည်း မရှိသေးကြောင်း နယူးယောက်မြို့တော် ရဲဌာနမှ ပြောခွင့်ရ အမျိုးသမီး တစ်ဖနီဖိလစ်က ပြောကြားသည်။

ဖြစ်နိုင်စွမ်း အားလုံးကို ရဲတပ်ဖွဲ့က စဉ်းစားနေသည်ဟု ဖိလစ်က ဆိုသည်။

သေဆုံးသူများမှာ အီမန် (ဝတ်ပြုမှုကို ဦးဆောင်ရသူ) မော်လာမာအာကွန်ဂျီ (၅၅ နှစ်) နှင့် သာရာအူဒင် (၆၄ နှစ်) တို့ဖြစ်ပြီး အပစ်ခံရချိန်တွင် ဘာသာရေးဝတ်စုံများ ဝတ်ဆင်ထားသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ပစ်ခတ်ခံရသူ နှစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း အသက်မမီခဲ့ဟု ဆေးရုံပြောခွင့်ရပုဂ္ဂိုလ် အန်ဒရူးရူဘင်က ဆိုသည်။

အမေရိကန်-အစ္စလာမ္မစ် ဆက်ဆံရေးကောင်စီ (CAIR) ၏ ထုတ်ပြန်ချက်အရ အူဒင်သည် အီမန်ဖြစ်သူ အာကွန်ဂျီ၏ တွဲဖက်ပုဂ္ဂိုလ် ဖြစ်သည်ဟု သိရသည်။

“သူတို့နှစ်ဦးဟာ အလွန်လေးစား ချစ်ခင်ခံရတဲ့သူတွေပါ။ ရပ်ရွာခေါင်းဆောင်တွေပါ” ဟု CAIR ၏ နယူးယောက်ဌာနခွဲ အမှုဆောင် ညွှန်ကြားရေးမှူး အာဖက်နက်ရှာက ပြောကြားသည်။

“နက်နက်နဲနဲ ကြေကွဲရသလို တရားမျှတမှု ဖော်ဆောင်ပေးဖို့ တစ်ခဲနက် တောင်းဆိုနေကြပါတယ်။ NYPD (နယူးယောက် ရဲဌာန) အနေနဲ့လည်း ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်ကို အစွမ်းကုန် အားထုတ်ပြီး အပြည့်အဝ စုံစမ်းစစ်ဆေးပေးဖို့ ကျယ်ကျယ်လောင်လောင် တောင်းဆိုနေကြပါတယ်” ဟု နက်ရှာက ပြောကြားသည်။

CAIR အဖွဲ့သည် သေဆုံးသူနှစ်ဦး ဝတ်ပြုခဲ့သော အယ်လ်-ဖာကန်ဂျိမ်းမက်စ် ဂျစ်ဗလီရှေ့တွင် သြဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်းက သတင်းစာရှင်းလင်းပွဲ တစ်ရပ် ကျင်းပခဲ့သည်။

“အမှန်အတိုင်းဖြစ်ဖို့အတွက် ကိုးကွယ်ယုံကြည်မှု အားလုံးက ပြည်သူတွေ အားလုံး နိုးနိုးကြားကြားနဲ့ စာနာမှုရှိစွာ ညီညွတ်ကြဖို့ တောင်းဆိုလိုပါတယ်။ အမုန်းတရားရဲ့ လှုံ့ဆော်မှု ခံလို့မဖြစ်ပါဘူး” ဟု နက်ရှာက ပြောကြားသည်။

ပစ်ခတ်သူသည် သေနတ်ကို လက် တွင်ကိုင်ပြီး အခင်းဖြစ်နေရာမှ ထွက်ပြေးသွားခဲ့ကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်ကို ကိုးကားပြီး ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

“အခင်းဖြစ် နေရာတစ်ဝိုက် ဗီဒီယိုမှတ်တမ်းနဲ့ ထပ်တိုးမျက်မြင်သက်သေတွေရဲ့ ပြောကြားချက်တွေကို ကျွန်တော်တို့ စုဆောင်းနေပါတယ်” ဟု ဒုတိယစစ်ဆေးရေးမှူး ဟင်နရီဆော့တ်နာက ပြောကြားသည်။

နယူးယောက် မြို့တော်ဝန် ဘီလ်ဒီဘလာစီယို၏ ပြန်ကြားရေး အတွင်းဝန် အီရစ်ဖိလစ်က မြို့တော်ဝန်သည် ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှုကို အနီးကပ် စောင့်ကြည့်နေသည်ဟု ထုတ်ပြန်ခဲ့သည်။

“ဒီသတ်ဖြတ်မှုတွေ ဘာကြောင့်ဖြစ်ရတယ် ဆိုတာ ပြောဖို့ စောနေပါသေးတယ်။ NYPD ဟာ အမှန်အတိုင်းဖြစ်စေဖို့ မရပ်မနား လုပ်ဆောင်သွားမှာ သေချာပါတယ်” ဟု ဖိလစ်က ပြောကြားသည်။

အာကွန်ဂျီသည် အေးအေးချမ်းချမ်း နေတတ်သူဖြစ်ပြီး မွတ်ဆလင်ဦးရေ များပြားသော အိုဇုန်းပန်းခြံ ရပ်ကွက်တွင် နေသည်ဟု မိသားစု အသိုင်းအဝိုင်းက ဆိုသည်။
“သူက ယင်တစ်ကောင်တောင် နာကျင်အောင် လုပ်တဲ့သူ မဟုတ်ပါဘူး” ဟု အာကွန်ဂျီ၏တူ ရာဟီမာဂျစ်က ဆိုသည်။

“ကျွန်တော်တို့ တကယ်မလုံခြုံသလို ခံစားနေရတယ်။ ဒီလိုအချိန်မျိုးမှာဆို ပိုမလုံခြုံတော့ဘူး။ ကျွန်တော်တို့ကိုရော၊ ကျွန်တော်တို့ အနာဂတ်ကိုပါ ဒီကိစ္စက တကယ်ကို ခြိမ်းခြောက်နေပါတယ်။ ကျွန်တော်တို့ ရပ်ကွက်ကိုရောပဲ။ တရားမျှတမှုရဖို့ပဲ မျှော်လင့်ပါတယ်” ဟု အိုဇုန်းပန်းခြံ ရပ်ကွက် ဒေသခံတစ်ဦးဖြစ်သူ မီလတ်အူဒင်က ပြောကြားသည်။