News

POST TYPE

FOREIGN AFFAIRS

အမုန်းစကား ဖြန့်ဝေပါက ဒဏ်ကြေးချမှတ်မည်ဟု လူမှုမီဒီယာ ကုမ္ပဏီများကို ဂျာမနီ ခြိမ်းခြောက်
07-Apr-2017


ဘာလင်၊ ဧပြီ ၆

လူမှုမီဒီယာ ကုမ္ပဏီများ အနေနှင့် ၎င်းတို့၏ ဝက်ဘ်ဆိုက်များမှ အမုန်းစကားများကို လျင်မြန်စွာ ဖယ်ရှားခြင်း မပြုပါက ကြီးမားသော ဒဏ်ကြေး ချမှတ်မည်ဟု ဂျာမနီအစိုးရက ခြိမ်းခြောက်လိုက်ကြောင်း VOA သတင်းတွင် ဖော်ပြထားသည်။

အမုန်းစကား ဥပဒေကို ချိုးဖောက်သော မှတ်ချက်များကို ဖယ်ရှားရန် လုံလုံလောက်လောက် လုပ်ဆောင်ခြင်း မပြုပါက Facebook နှင့် Twitter ကဲ့သို့ ဝက်ဘ်ဆိုက်များကို ဒဏ်ကြေး ဒေါ်လာ ၅၅ သန်းအထိ ချမှတ်မည့် အစီအစဉ်ကို ဂျာမန်အစိုးရက ဗုဒ္ဓဟူးနေ့တွင် အတည်ပြုခဲ့သည်။

ထိရောက်စွာ တရားစွဲဆို တိုက်ဖျက်ခြင်း မခံရသော အမုန်းတရား ရာဇဝတ်မှုများသည် လွတ်လပ်ပွင့်လင်းသော ဒီမိုကရေစီ အသိုင်းအဝိုင်းကို အန္တရာယ်ပြုနေသည်ဟု အစိုးရကြေညာချက်တွင် ပါရှိသည်။

ဂျာမနီတွင် လူမျိုးကြီးဝါဒကို အားပေးခြင်း သို့မဟုတ် လူထု အသိုင်းအဝိုင်းတစ်စုကို စော်ကားခြင်းတို့ကို လုံးလုံးလျားလျား ပိတ်ပင်ထားသည်။

ယခု စည်းကမ်းအရ ဥပဒေနှင့်မညီသော အမုန်းစကား မှတ်ချက် မှန်သမျှကို ၂၄ နာရီအတွင်း ဖြစ်စေ၊ အသုံးပြုသူများက အလံသင်္ကေတ ပြထားလျှင်ဖြစ်စေ ဖယ်ရှားပေးရမည် ဖြစ်သည်။

အဆိုပါ အစီအစဉ်ကို ဂျာမန်သတင်းထောက်များ အသင်းက ကန့်ကွက်ခဲ့ပြီး သတင်းစာ လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်တို့နှင့် သဟဇာတ ဖြစ်ရန် ခက်ခဲသွားသည်ဟု ပြောကြားသည်။

ဂျာမန် တရားရေးဝန်ကြီး ဟိုက်ကိုမားစ်က လူမှုမီဒီယာကုမ္ပဏီများသည် ၎င်းတို့၏ ဝက်ဘ်ဆိုက်များမှ အမုန်းစကားများကို စောင့်ကြည့် ဖယ်ရှားရန် တာဝန်ရှိကြောင်းနှင့် လူမှုမီဒီယာတွင် ရာဇဝတ်မှု လှုံ့ဆော်ရန် နေရာမရှိကြောင်း ပြောကြားခဲ့သည်။

“စကားလုံး အပြောအဆို ရိုင်းစိုင်း ကြမ်းတမ်းမှုတွေဟာ ကိုယ်ထိလက်ရောက် အကြမ်းဖက်ဖို့အတွက် မြေစမ်းခရမ်းပျိုးသလို ဖြစ်နေတယ်”ဟု ၎င်းက မှတ်ချက်ပေးသည်။

လွန်ခဲ့သော ၂ နှစ်က ဂျာမနီသို့ ဒုက္ခသည်များစွာ ဝင်ရာက် လာခဲ့ပြီးနောက်တွင် အဆိုးမြင် မှတ်ချက်ပေးမှုများ မြင့်တက်လာခဲ့ပြီး အစိုးရအတွက် သတိထားစရာ ဖြစ်လာခဲ့သည်။

၂၀၁၅ ခုနှစ်တွင် ကုမ္ပဏီများက အွန်လိုင်း အမုန်းစကားများအား စောင့်ကြည့်မှုကို အရှိန်မြင့်ရန် သဘောတူခဲ့ကြသော်လည်း လုံလုံလောက်လောက် ဆောင်ရွက်ခြင်း မရှိဟု ဟိုက်ကိုမားစ်က ပြောကြားသည်။

၂၄ နာရီအတွင်း စောင့်ကြည့်ဖယ်ရှားမှုသည် Twitter က ၁ ရာခိုင်နှုန်းနှင့် Facebook က ၃၉ ရာခိုင်နှုန်းရှိသည်ဟု ဟိုက်ကိုမားစ်က ပြောကြားခဲ့ရာ Facebook က ကန့်ကွက်ခဲ့ပြီး ၎င်းတို့၏ ကိန်းဂဏန်းများအရ တစ်ရက်လျှင် ၆၅ ရာခိုင်နှုန်းအထိ စောင့်ကြည့် ဖယ်ရှားနိုင်ခဲ့သည်ဟု ရှင်းလင်းပြောဆိုခဲ့သည်။

F-04

  • VIA