News

POST TYPE

FOREIGN AFFAIRS

မြောက်ကိုရီးယား ဒုံးကျည် စမ်းသပ်မှုသည် သတိထားရမည့် ခြိမ်းခြောက်မှုဟု ထရမ့်နှင့် အာဘေး အမြင်တူ
07-Apr-2017


တိုကျို၊ ဧပြီ ၆

မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုသည် အန္တရာယ်ကြီးသော ရန်စမှုဖြစ်ပြီး သတိထားရမည့် ခြိမ်းခြောက်မှုဖြစ်သည်ဟု သမ္မတ ဒေါ်နယ်ထရမ့်နှင့် တယ်လီဖုန်း ပြောဆိုမှုတွင် သဘောထားအမြင် တူညီမှုရခဲ့သည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကြာသပတေးနေ့တွင် ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ထို့ပြင် ဖလော်ရီဒါပြည်နယ် မာအေလာဂိုစံအိမ်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံပြီးနောက်ပိုင်း ပြုံယမ်းအပေါ် ဘေဂျင်းက မည်သို့ တုံ့ပြန်မည်ကို တိုကျိုက စောင့်ကြည့်နေသည်ဟု ဝန်ကြီးချုပ် အာဘေးက အစိုးရအိမ်တော်တွင် သတင်းထောက်များအား ပြောကြားသည်။

တစ်နိုင်ငံလုံးသို့ ရုပ်သံမှ ထုတ်လွှင့်ခဲ့သော အစီအစဉ်တွင် အာဘေးက ၎င်းကို ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားအား အရေးယူမည့် နည်းလမ်းများ အားလုံး စားပွဲပေါ်တွင် အဆင်သင့် ဖြစ်နေပြီဟု ရှင်းပြခဲ့ကြောင်း ပြောကြားသည်။

ပြုံယမ်း၏ ပမာမခန့် တိုးမြှင့်ပြုမူလာသော လက်နက် အစီအစဉ်များ ပြဿနာကို အဓိက ဆွေးနွေးကြမည့် ထရမ့်နှင့် ရှီကျင့်ဖျင်တို့၏ ဖလော်ရီဒါ ထိပ်သီး တွေ့ဆုံမှုမတိုင်မီ  မြောက်ကိုရီးယားက ဂျပန်ပင်လယ်အတွင်းသို့ ဒုံးကျည် ပစ်လွှတ်စမ်းသပ်ခဲ့သည်။

မြောက်ကိုရီးယားတို့၏ နျူကလီးယားနှင့် ဒုံးကျည် စမ်းသပ်မှုများကို ထိန်းချုပ်ရေးတွင် ပြုံယမ်းအပေါ် ဩဇာရှိသော တရုတ်နိုင်ငံက ပိုမို လှုပ်ရှားသင့်သည်ဟု ထရမ့်က အကြိမ်ကြိမ် ပြောဆိုထားသည်။ 

ပြုံယမ်း၏ လက်နက်အစီအစဉ်ကို ထိန်းချုပ်ရန်အတွက် လိုအပ်ပါက ဝါရှင်တန်အနေနှင့် တစ်ကိုယ်တည်း လှုပ်ရှားသွားမည်ဟု ထရမ့်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပြီး တရုတ်တို့၏ ပူးပေါင်း ဆောင်ရွက်မှုကို ရရှိရန်အတွက် ကုန်သွယ်ရေးကို တွန်းအားအဖြစ် အသုံးပြုမည့် အလားအလာကို ဆက်လက် ထိန်းထားခဲ့သည်။  
F-04

  • VIA