News

POST TYPE

FOREIGN AFFAIRS

ဆီးရီးယား ဓာတုတိုက်ခိုက်မှုမှာ “လူသားမျိုးနွယ်အပေါ် စော်ကားမှု”ဟု ထရမ့် ရှုတ်ချ
07-Apr-2017


ဝါရှင်တန်၊ ဧပြီ ၅

ဆီးရီးယားလေတပ်၏ ဓာတုလက်နက် အသုံးပြုတိုက်ခိုက်မှုဟု ယူဆရသော ဖြစ်စဉ်အတွင်း အရပ်သား အမြောက်အမြား သေဆုံးခဲ့မှုအတွက် အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်က ပြစ်တင် ရှုတ်ချခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

ယင်းမှာ “လူသားမျိုးနွယ်အပေါ် စော်ကားမှု”ဖြစ်သည်ဟု ထရမ့်က ပြောကြားခဲ့ပြီး “အပြစ်မဲ့ ကလေးငယ်တွေ၊ အပြစ်မဲ့ ကလေးလေးတွေ၊ မွေးစကလေးလေးတွေကို သတ်ဖြတ်ပြီ ဆိုရင်တော့ ဒါဟာ စည်းတွေ ဘောင်တွေ တော်တော် ကျော်သွားပါပြီ”ဟု မှတ်ချက်ချခဲ့သည်။

ဓာတုလက်နက်များမှာ သူပုန်လက်မှ ထွက်လာခြင်း ဖြစ်နိုင်သည်ဟု စွပ်စွဲထားသည့် ဆီးရီးယား အစိုးရ၏ မဟာမိတ်ရုရှားကိုမူ ထရမ့်က ရည်ညွှန်းခဲ့ခြင်း မရှိပေ။
သို့သော်လည်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကမူ ရုရှားသည် ဆီးရီးယားအတွက် ဖုံးကွယ်ပေးထားသည်ဟု စွပ်စွဲခဲ့သည်။

“တစ်ခါပြီး တစ်ခါ ရုရှားက မဟုတ်မမှန်တဲ့ ဇာတ်လမ်းနဲ့ ဒမ္မစကတ် (ဆီးရီးယားမြို့တော်) က သူတို့ရဲ့ မဟာမိတ်ကဆီက အာရုံလွှဲဖို့ လုပ်ခဲ့ပါတယ်”ဟု နယူးယောက်တွင် ပြုလုပ်သည့် ပွဲဆူခဲ့သော ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးတွင် အမေရိကန် သံအမတ် နစ်ကီဟေလီက ပြောကြားခဲ့သည်။

“ကုလသမဂ္ဂဟာ စုပေါင်း လုပ်ဆောင်ဖို့ အကြိမ်ကြိမ် ပျက်ကွက်နေခဲ့မယ်ဆိုရင် နိုင်ငံတွေက ကိုယ့်အရေးယူမှုနဲ့ကိုယ် လုပ်ရတဲ့ အချိန်မျိုး ရှိလာနိုင်တယ်”ဟု ဟေလီက သတိပေးခဲ့သည်။

ဆီးရီးယားသမ္မတ ဘာရှား အာဆတ် အစိုးရကမူ ၎င်းတို့ လက်ချက်မဟုတ်ဟု ငြင်းဆိုထားသည်။

ဧပြီလ ၄ ရက်နေ့က အဒ္ဒလစ်ဘ် ပြည်နယ်၊ ခန်ရှိတ်ဟွန်းခ်မြို့တွင် ဓာတု လက်နက်သုံး တိုက်ခိုက်ခံရမှုကြောင့် ကလေးသူငယ် ၂၀ ခန့် အပါအဝင် လူ ၇၂ ဦး သေဆုံးသည်ဟု ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ထုတ်ပြန်ထားသည်။

ဗီဒီယိုမှတ်တမ်းများတွင် ကလေး အများအပြား အပါအဝင် အရပ်သားများ အသက်ရှူကျပ်ပြီး ပါးစပ်မှ အမြှုပ်များ ထွက်နေပုံများ ပါရှိခဲ့သည်။

ထရမ့်က “ဆီးရီးယားနဲ့ အာဆတ်အပေါ် ကျုပ်ရပ်တည်ချက်က တော်တော် ပြောင်းသွားပြီ”ဟု မှတ်ချက်ပေးထားသည်။

အိမ်ဖြူတော်တွင် ဂျော်ဒန်ဘုရင် အဗ္ဗဒူလာနှင့် တွေ့ဆုံအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ဆီးရီးယားနှင့် ပတ်သက်သည့် မူဝါဒ အပြောင်းအလဲ ရှိမည်လား ဆိုသော သတင်းထောက်များ၏ မေးခွန်းထုတ်မှုကို “ခင်ဗျားတို့ တွေ့ရမှာပါ”ဟု ထရမ့်က ဖြေကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်စ်တီလာဆင်ကလည်း ရုရှားအနေနှင့် သမ္မတ အာဆက်ကို ထောက်ခံပေးထားမှုကို “အလေးထား စဉ်းစားပေးစေလိုကြောင်း” တိုက်တွန်းထားသည်။

ဆီးရီးယားအရေးနှင့် ပတ်သက်၍ နည်းလမ်း အားလုံးကို စဉ်းစားထားကြောင်း ဒုတိယသမ္မတ မိုက်ခ်ပင့်စ်ကလည်း ပြောကြားခဲ့သည်။

ခန်ရှိတ်ခ်ဟွန်းမြို့ကို ဆီးရီးယား လေယာဉ်များ ဗုံးကြဲခဲ့သည်ဆိုခြင်းကို ရုရှားက ဝန်ခံထားသော်လည်း သူပုန်များ ဓာတုလက်နက်ထုတ်ရာ ကုန်ရုံကို ထိမှန်ခဲ့သောကြောင့်သာ ဓာတ်ငွေ့များ စိမ့်ထွက်မှု ဖြစ်ရသည့် သဘောမျိုး ထုတ်ပြန်ထားသည်။ 

F-03

  • VIA