News

POST TYPE

FOREIGN AFFAIRS

အင်ဒီဝါဟိုးလ် ရေးဆွဲခဲ့သော မော်စီတုန်း၏ ပုံတူပန်းချီကို ဟောင်ကောင်တွင် လေလံတင်
04-Apr-2017

ဟောင်ကောင်၊ ဧပြီ ၃

အနပညာရှင် အန်ဒီဝါဟိုးလ် ရေးဆွဲသော ဥက္ကဋ္ဌကြီး မော်စီတုန်း၏ ပုံတူပန်းချီကို ဟောင်ကောင်တွင် သမိုင်းဝင်လေလံပွဲ၌ ရောင်းချခဲ့ရာ အမြင့်ဆုံး ခန့်မှန်းထားသော ဒေါ်လာ ၁၅ သန်းကို မရရှိခဲ့ဟု BBC သတင်းတွင် ဖော်ပြထားသည်။

တနင်္ဂနွေနေ့က ဆောက်သ်ဘီလေလံပွဲတွင် အဆိုပါပုံတူ ပိုးပန်းချီကားကို ကြမ်းခင်းဈေး ဒေါ်လာ ၁၁ သန်းဖြင့် လေလံဖွင့်ခဲ့ရာ အခွန်အခများ ပေးဆောင်ပြီးနောက် ဒေါ်လာ ၁၂ ဒသမ ၆ သန်း ရရှိခဲ့သည်။

ပန်းချီကားကို အမည်မဖော်လိုသော အာရှတိုက်သား စုဆောင်းသူတစ်ဦးက ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ယခင်ကမူ မော်စီတုန်း၏ ပုံတူကို အနီးကပ်စောင့်ကြည့်လေ့ရှိသော ပြည်မကြီး၌ ကျင်းပသည့် ပြပွဲများတွင် တာဝန်ရှိသူများက မော်၏ ပုံတူပန်းချီပုံစံ အမျိုးမျိုးကို ပိတ်ပင်ခဲ့ကြသည်။

လွန်ခဲ့သောလေးနှစ်ခန့်က တရုတ်နိုင်ငံတွင် ဝါဟိုးလ်၏ ပန်းချီများကို ပထမဆုံးအကြိမ် ကျယ်ကျယ်ပြန့်ပြန့် လေ့လာစဉ်ကပင် မော်၏ ပုံတူများကို မတွေ့ရတော့ပေ။

မော်၏စာအုပ်နီလေးထဲမှ ဓာတ်ပုံအပေါ် အခြေခံသော ပုံတူပန်းချီများသည် ၂၀ ရာစု၏ အကျော်ကြားဆုံး ရုပ်ပုံများ ဖြစ်သည်။

ဥက္ကဋ္ဌမော်ကို သရုပ်ဖော်ထားသော ရုပ်ပုံများသည် ဝါဟိုးလ်၏ မာရီလင်မွန်ရိုး၊ ကမ်းဘဲလ်၏ ဆွပ်ပြုတ်ဘူးများကဲ့သို့ပင် အနုပညာမြောက်သော ပစ္စည်းများ ဖြစ်သည်။

ဝါဟိုးလ်သည် ၁၉၇၂ ခုနှစ်က ဘေဂျင်းသို့ သမ္မတနစ်ဆင် လာရောက်ပြီးနောက် စစ်အေးကာလ ရန်ဘက်များ ဖြစ်သည့် တရုတ်နှင့် အမေရိကန်တို့အကြား ဆက်ဆံရေး နွေးထွေးလာချိန်တွင် မော်၏ ပုံတူပန်းချီများကို စတင်ဖန်တီးခဲ့ခြင်း ဖြစ်သည်။

ကွန်မြူနစ်ပါတီ ခေါင်းဆောင် မော်သည် လေးစားမှုနှင့် ကြောက်ရွံ့မှုတို့ နှစ်မျိုးစလုံးကို ဖြန့်ကြက်ခဲ့သော နိုင်ငံရေးခေါင်းဆောင်ဖြစ်ပြီး ပေါ့ပ်အနုပညာအတွက် မော်ဒယ်မဖြစ်နိုင်သူတစ်ဦး ဖြစ်သည်။

မော်၏ ပုံတူပန်းချီကား တစ်ချပ်ကို ၂၀၁၄ ခုနှစ်က လန်ဒန်တွင် ရောင်းချခဲ့ရာ အမည်မသိသူကပင် ဒေါ်လာ ၉ ဒသမ ၄ သန်းဖြင့် ဝယ်ယူသွားခဲ့သည်။   

F-04