News

POST TYPE

FOREIGN AFFAIRS

လေကြောင်းတိုက်ခိုက်မှုတွင် IS ဒုခေါင်းဆောင် သေဆုံးကြောင်း အီရတ်ထောက်လှမ်းရေး ထုတ်ပြန်
03-Apr-2017

ဘဂ္ဂဒက်၊ ဧပြီ ၂ 

IS ခေါင်းဆောင် အဘူဘေကာ အယ်လ်ဘာဒါဒီ၏ လက်ထောက်တစ်ဦး ဖြစ်သည်ဟု ယူဆရသူ အာယတ်အယ်လ် ဂျူမာအီလီသည် မတ်လ ၃၁ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးသွားကြောင်း အီရတ်ထောက်လှမ်းရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဧပြီလ ၁ ရက်နေ့တွင်  ထုတ်ပြန်ခဲ့ကြောင်း BBC သတင်းက ဖော်ပြသည်။

အီရတ်နိုင်ငံပိုင် ရုပ်သံတွင် ထုတ်ပြန်သွားသော အဆိုပါသတင်းကို လတ်တလောတွင် အတည်မပြုနိုင်သေးကြောင်း အမေရိကန် ဦးဆောင်သည့် IS နှိမ်နင်းရေး ညွန့်ပေါင်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဆီးရီးယားနယ်စပ်ရှိ အယ်လ်ကိန်းမ်ဒေသတွင် အီရတ်လေတပ်က လေကြောင်းထိုးစစ်ဆင်ခဲ့ရာ၌ ဂျူမာအီလီသည် အခြား IS တပ်မှူးများနှင့်အတူ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း စစ်ထောက်လှမ်းရေး ပြောခွင့်ရပုဂ္ဂိုလ်က Reuters သတင်းဌာနသို့ အတည်ပြုသည်။

“အယ်လ်ကိန်းမ်က ဒါအက်ရှ် (IS ကို နှိမ်ချခေါ်ဝေါ်သော အမည်) ရဲ့ ရုံးချုပ်ကို လေတပ်က တိတိကျကျ တိုက်ခိုက်နိုင်ခဲ့တဲ့အတွက် ဒါအက်ရှ်ရဲ့ ဒုခေါင်းဆောင် စစ်ဝန်ကြီး အာယက်အယ်လ်ဂျူမာအီလီ ခေါ် အဘူယာယာ သေဆုံးခဲ့ပါတယ်” ဟု နိုင်ငံပိုင်ရုပ်သံတွင် ထုတ်ပြန်ကြေညာခဲ့သည်။

အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့၏ အကူအညီဖြင့် အီရတ်တပ်များသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလကတည်းက အီရတ်ရှိ IS ၏ နောက်ဆုံးခြေကုပ်ယူရာ မိုဆူးလ်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် တိုက်ခိုက်လျက်ရှိသည်။ 

ဘာဒါဒီသည် မိုဆူးလ်မြို့မှနေ၍ IS ကာလီဖိတ်နိုင်ငံ ထူထောင်ခဲ့ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

မိုဆူးလ်မြို့တိုက်ပွဲများအတွင်း မြို့ခံ ၂၉၀,၀၀၀ နီးပါးမျှ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။

ဘာဒါဒီသည် အခြေအနေမဟန်တော့သော မိုဆူးလ်မှ စွန့်ခွာသွားချိန်တွင် မိုဆူးလ်ကို တပ်မှူးအချို့နှင့် အမာခံတပည့်များဖြင့် ထားရှိခဲ့သည်ဟု အမေရိကန်နှင့် အီရတ် တာဝန်ရှိသူများက ယုံကြည်ထားသည်။

ဆီးရီးယားနိုင်ငံတွင်လည်း IS ၏ မြို့တော်လိုဖြစ်နေသည့် ရက္ကာမှ တိုက်ထုတ်ရန် သီးခြားတိုက်ပွဲတစ်ခုအတွက် ပြင်ဆင်နေကြသည်။ 

ဂျူမာအီလီသည် အီရတ်အာဏာရှင် သမ္မတ ဆက်ဒမ်ဟူစိန် လက်ထက်က ထောက်လှမ်းရေး အရာရှိတစ်ယောက် ဖြစ်ခဲ့ဖူးသည်။ လက်ရှိတွင် အမ်နီယာဟု ခေါ်သော IS ၏ အီရတ်နှင့် ဆီးရီးယား ထောက်လှမ်းရေးအေဂျင်စီကို ကွပ်ကဲနေသူ ဖြစ်သည်။                                  

F-03