News

POST TYPE

FOREIGN AFFAIRS

သြစတြေးလျ အမျိုးသားတက္ကသိုလ် သုတေသန တွေ့ရှိချက်ကြောင့် ကင်ဆာဆေးသစ် ပေါ်ပေါက်နိုင်ဟုဆို
12-Aug-2016
ကင်ဘာရာ၊ သြဂုတ် ၁၀

ပရိုတိန်းအုပ်စု တစ်မျိုး၏ အတွင်းဘက် အလုပ်လုပ်ပုံသည် သွေးဆဲလ် ထုတ်လုပ်နေစဉ်အတွင်း အရေးကြီးသော မျိုးရိုးဗီဇများကို ထုတ်ဖော်ကြသည်ဟု သြစတြေးလျ အမျိုးသားတက္ကသိုလ် ANU မှ သုတေသီများက တွေ့ရှိခဲ့ကာ ယင်းရလဒ်အဖြစ် ပိုမိုကောင်းမွန်သော ကင်ဆာဆေးဝါးများ ထုတ်လာနိုင်မည်ဟု ယူဆရကြောင်း သတင်းများက ဖော်ပြထားသည်။

တွေ့ရှိခဲ့ရသော ပရိုတိန်းတစ်မျိုးသည် ရင်သားကင်ဆာနှင့် ဆက်စပ်လျက်ရှိကာ အဆိုပါ ကင်ဆာသည် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်အမျိုးသမီး သန်းဝက်ခန့် သေဆုံးနေရသော ဝေဒနာ ဖြစ်သည်ဟု သြစတြေးလျ အမျိုးသားတက္ကသိုလ်က ထုတ်ပြန်ထားသည်။

လက်ရှိအသုံးပြုနေသော ရင်သားကင်ဆာ ကုသမှုများသည် အသစ်တွေ့ရှိထားသော ပရိုတိန်းကို လုံးဝ ထည့်သွင်းစဉ်းစား ပါဝင်ထားစေခြင်း မရှိပေ။

အသုံးပြုနေသော ရင်သားကင်ဆာ ဆေးဝါးများက လူသားဆဲလ် အတွင်းတွင် မည်သို့ အလုပ်လုပ်သည်ကို လေ့လာချက်အသစ်က ရှင်းပြနိုင်ကြောင်း သုတေသနပညာရှင် ဒေါက်တာဒန်နီယယ်ရိုင်ယန်က ပြောကြားခဲ့သည်။
“ယနေ့ ရင်သားကင်ဆာ ကုသမှုမှာ ထိရောက်တဲ့ ဆေးဝါးတွေ ရှိပါတယ်။ ဒါပေမဲ့ သူတို့ ဘယ်လိုမျိုး အလုပ်လုပ်နေသလဲ ဆိုတာကို ကျွန်တော်တို့ မသိထားခဲ့ကြပါဘူး” ဟု အဆိုပါ တက္ကသိုလ် ဆေးဝါးဆိုင်ရာ သုတေသနဌာနမှ ဒေါက်တာရိုင်ယန်က ပြောကြားခဲ့သည်။

ယခုသုတေသနကြောင့် ကင်ဆာဆေးဝါးများက အကျိုးပြုနေသော ပရိုတိန်းများကို တွေ့ရှိသွားပြီးဖြစ်ကာ ပိုမိုကောင်းမွန်သော ကုထုံးများ ထွက်ပေါ်လာမည်ဟု မျှော်လင့်ရကြောင်းလည်း ထုတ်ပြန်ချက်က ဆိုထားသည်။

ယင်းသုတေသနသည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်၏ အစိတ်အပိုင်း တစ်ခုမှ တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

သြစတြေးလျ အမျိုးသားတက္ကသိုလ်၊ ဆစ်ဒနီတက္ကသိုလ်နှင့် အမေရိကန်ပြည်ထောင်စုရှိ ပင်ဆယ်ဗေးနီးယား တက္ကသိုလ်တို့ ပူးပေါင်းကာ ကင်ဆာဆဲလ်များကို လေ့လာကြခြင်း ဖြစ်သည်။

“ရင်သားကင်ဆာနဲ့ အခြားပြင်းထန်တဲ့ ရောဂါတွေကို ဦးတည်တဲ့ ကုသမှုတွေကို ဖန်တီးနိုင်တဲ့အခါ ဆေးကြောင့် ပြင်းထန်စွာ ခံစားရမှုနဲ့ ဆေးယဉ်တဲ့ ပြဿနာတွေကို လျှော့ချနိုင်မှာ ဖြစ်ပြီးတော့ ပိုကောင်းတဲ့ ရလဒ်တွေ ထွက်ပေါ်လာနိုင်မှာ ဖြစ်ပါတယ်” ဟု ရိုင်ယန်က ပြောကြားခဲ့သည်။