News

POST TYPE

FOREIGN AFFAIRS

အိုဘားမားနှင့် ဟီလာရီတို့သည် IS အကြမ်းဖက်အုပ်စု ထူထောင်ခဲ့သူများဖြစ်ဟု ဒေါ်နယ်ထရမ့်ပြော
12-Aug-2016

ဝါရှင်တန်၊ သြဂုတ် ၁၁

အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်းဖြစ်သူ ဟီလာရီ ကလင်တန်တို့သည် ကမ္ဘာ့အကြမ်းဖက်အုပ်စုကြီး ဖြစ်သော IS အုပ်စုကို တည်ထောင်ခဲ့သူများ ဖြစ်သည်ဟု ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်က တုတ်ထိုးအိုးပေါက် ဝေဖန်လိုက်သည်။ 

အမေရိကန် သတင်းဌာနများ၏ ရေးသားဖော်ပြချက်အရ ယမန်နေ့က ဖလော်ရီဒါပြည်နယ် ဖို့လောင်ဒါလေးမြို့တွင် ကျင်းပပြုလုပ်သည့် မဲဆွယ်စည်းရုံးပွဲ၌ ဒေါ်နယ်ထရမ့်က အိုဘားမားနှင့် ဟီလာရီ ကလင်တန်တို့သည် IS အကြမ်းဖက် အုပ်စုကို ထူထောင်ခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုသည်။ 

IS ဟူသည့် စစ်သွေးကြွအုပ်စုသည် အမေရိကန်သမ္မတ အိုဘားမားကို ဦးခိုက်ကိုးကွယ်လျက် ရှိသည်ဟု ဒေါ်နယ်ထရမ့်က ဝေဖန်သည်။ 
“သူ (အိုဘားမား) ဟာ IS အုပ်စုကို ထူထောင်သူ ဖြစ်ပါတယ်။ သူဟာ IS အုပ်စု ထူထောင်သူ။ IS ကို သူထူထောင်ပေးခဲ့တာ။ ပြီးတော့ ကျွန်တော်ပြောမယ် IS ကို ပူးတွဲထူထောင်ပေးတဲ့သူက ရိုးသားမှု လုံးဝမရှိတဲ့ ဟီလာရီကလင်တန်ပဲ” ဟု ဒေါ်နယ်ထရမ့်က ၎င်းကို ထောက်ခံသူများအား  အော်ဟစ်ပြောဆိုလိုက်ရာ လက်ခုတ်တီးသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ 

အိမ်၊ ခြံ၊ မြေ သူဌေးကြီးတစ်ဦးဖြစ်သူ ဒေါ်နယ်ထရမ့်သည် ပြိုင်ဘက်နိုင်ငံရေးသမားများကို ပျစ်ပျစ်နှစ်နှစ် ဝေဖန်မှုများစွာ ပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ အိုဘားမားနှင့် ဟီလာရီတို့အား IS အုပ်စု တည်ထောင်ပေးသူများအဖြစ် ဝေဖန်ခြင်းသည် အပြင်းထန်ဆုံး ထိုးနှက်မှုတစ်ရပ် ဖြစ်သည်ဟု  မီဒီယာများက ဖော်ပြသည်။ 

ပြီးခဲ့သည့် အင်္ဂါနေ့ကလည်း ဒေါ်နယ်ထရမ့်က ဟီလာရီကလင်တန်သာ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့မည် ဆိုပါက သူမ သို့မဟုတ် တရားရုံးသူကြီးချုပ် ရာထူးအတွက် အမည်စာရင်း ပေးသွင်းခံရသူများ အနေနှင့် ပစ်ခတ်သတ်ဖြတ်ခံရနိုင်သည်ဟု ပြက်ရယ်ပြုသော သဘောဖြင့် ဝေဖန်ခဲ့သေးသည်။  
ယခင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဟီလာရီ ကလင်တန်ကမူ ရီပတ်ဘလစ်ကန်ပါတီမှ ပြိုင်ဘက်ထရမ့်၏ ပြောဆိုမှုများသည် ဆူပူအုံကြွမှုများကို ဖန်တီးရာရောက်ပြီး စည်းလွတ်ဘောင်လွတ် သဘောမျိုး ဖြစ်နေသည်ဟု တုံ့ပြန်သည်။ 

“ဒေါ်နယ်ထရမ့် တရားဝင်ပြောခဲ့တဲ့ မိန့်ခွန်းတွေထဲမှာ စည်းလွတ်ဘောင်လွတ်တွေ ပြောလာတာကို မနေ့က ကျွန်မတို့ မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ကြရပါပြီ။ သူ့ရဲ့စကားတွေဟာ ပြဿနာ ရှိနေပါတယ် မိတ်ဆွေများရှင့်။ တကယ်လို့ ရှင်သာ (ဒေါ်နယ်ထရမ့်) သမ္မတတစ်ဦး ဖြစ်မယ်ဆိုရင် ဒါမှမဟုတ် အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတကြီးဖြစ်မယ် ဆိုရင် ရှင့်ရဲ့စကားတွေဟာ ကြောက်စရာကောင်းတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ဖန်တီးလာမှာ သေချာပါတယ်” ဟု ဟီလာရီကလင်တန်က တုံ့ပြန်ပြောကြားသည်။