News

POST TYPE

FOREIGN AFFAIRS

တူရကီနိုင်ငံ အစ္စတန်ဘူလ် လေဆိပ်တွင် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်၊ လူ ၃၆ ဦး သေဆုံးပြီး ၁၄၀ ကျော်ဒ ဏ်ရာရ
01-Jul-2016
အန်ကာရာ၊ ဇွန် ၂၉

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ အာတာတက် နိုင်ငံတကာ လေဆိပ်ကြီးတွင် အကြမ်းဖက်သမားက သေနတ်ဖြင့် ပစ်ခတ်ပြီး အသေခံ ဗုံးခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ လူပေါင်း ၃၆ ဦးခန့် သေဆုံးပြီး ၁၄၀ ကျော် ဒဏ်ရာရရှိသွားသည်ဟု လုံခြုံရေး အာဏာပိုင်များ၏ ပြောကြားချက်ကို သတင်းဌာနများက ကိုးကားဖော်ပြသည်။

ဇွန်လ ၂၈ ရက်နေ့ (အင်္ဂါနေ့) ညနေပိုင်းက အာတာတက် လေဆိပ်ဝင်ပေါက်မှ တစ်ဆင့် ခန်းမထဲသို့ အကြမ်းဖက်သမားသုံးဦး တက္ကစီကားဖြင့် ရောက်ရှိလာပြီး ပစ်ခတ်မှုများ စတင်ပြုလုပ်ခဲ့ကြောင်း၊ ထို့နောက် ရဲတပ်ဖွဲ့က ၎င်းတို့ကို ပြန်လည်ပစ်ခတ်ချိန်တွင် သုံးဦးစလုံး အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့ကြကြောင်း တူရကီ အာဏာပိုင်တို့က ဆိုသည်။

ကနဦး ရရှိသော သတင်းများအရ အကြမ်းဖက်သမားများသည် IS အုပ်စုဝင်များ ဖြစ်သည်ဟု ယူဆခဲ့ကြသော်လည်း ၂၄ နာရီနီးပါးခန့် ကြာသည်အထိ မည်သည့်အကြမ်းဖက်အုပ်စုကမျှ ၎င်းတို့ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ထုတ်ဖော်ကြေညာခြင် းမရှိသေးကြောင်း တူရကီ ဝန်ကြီးချုပ် ဘီနာလီရီဒီဒရင်မ်က ပြောကြားသည်။

တူရကီနိုင်ငံတွင် လတ်တလောကာလ အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများသည် IS သို့မဟုတ် ကာ့ဒ်ခွဲထွက်ရေး အုပ်စုတို့နှင့် ဆက်နွှယ်မှု ရှိခဲ့သည်။

သို့သော် ယမန်နေ့က ဖြစ်ပေါ်ခဲ့သော လေဆိပ်အကြမ်းဖက် တိုက်ခိုက်ခံရမှုမှာ ပူးပေါင်းလုပ်ဆောင်မှုတစ်ရပ် ဖြစ်နိုင်သည်ဟု အန်ကာရာ အခြေစိုက် BBC သတင်းထောက်က ဆိုသည်။

တိုက်ခိုက်ခံရသော အာတာတက် လေဆိပ်သည် လုံခြုံရေး အားနည်းချက်ရှိသော ပစ်မှတ်တစ်ခုသဖွယ် ဖြစ်သည်ဟု သတင်းထောက်များက ဆိုသည်။

လေဆိပ်ဝင်ပေါက်တွင် X-Ray Scanner များ ရှိသော်လည်း မော်တော်ယာဉ်များကို လုံခြုံရေး စစ်ဆေးမှုမှာ အကန့်အသတ် ရှိသည်။

ရုပ်သံမီဒီယာများ ထုတ်လွှင့်တင်ဆက်မှုတွင် လေဆိပ်ခန်းမကြီးအတွင်း အကြမ်းဖက် တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ၏ ရုပ်အလောင်းများနှင့် အပျက်အစီးများကို တွေ့ရသည်။

တူရကီ ဝန်ကြီးချုပ် ရီဆစ်ပ်တေရစ် အာဒိုဂန်က ယင်းတိုက်ခိုက်မှုသည် ကမ္ဘာလုံးဆိုင်ရာ စစ်သွေးကြွ အကြမ်းဖက်အုပ်စုများ နှိမ်နင်းရေးစစ်ပွဲ အတွက် အပြောင်းအလဲကြီးတစ်ခုသဖွယ် ဖြစ်စေနိုင်သည်ဟု ပြောကြားသည်။

“ဒီကနေ့ အစ္စတန်ဘူလ်က လေဆိပ်မှာ ပေါက်ကွဲတဲ့ ဗုံးတွေဟာ တခြားကမ္ဘာ့နိုင်ငံ အသီးသီးမှာရှိတဲ့ လေဆိပ်တွေမှာလည်း ပေါက်ကွဲနိုင်ခဲ့မှာပါပဲ” ဟု ၎င်းက ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုကမူ ယင်းအကြမ်းဖက် တိုက်ခိုက်မှုကို ရက်စက်ကြမ်းကြုတ်မှုတစ်ရပ် အဖြစ် သတ်မှတ်ဖော်ပြပြီး တူရကီနိုင်ငံအတွက် လိုအပ်သမျှ ပံ့ပိုးသွားမည် ဖြစ်သည်ဟု ပြောကြားသည်။

ဂျာမနီပြည်ထဲရေး ဝန်ကြီး သောမတ်စ်ဒီမစ်ဇာရီက ယင်းအကြမ်းဖက် တိုက်ခိုက်မှုသည် သူရဲဘောကြောင်သည့် ယုတ်မာရက်စက်မှုတစ်ရပ် ဖြစ်သည်ဟု ဆိုသည်။