News

POST TYPE

FOREIGN AFFAIRS

ဗင်နီဇွဲလားတွင် ငွေဖောင်းပွမှုကို တိုက်ဖျက်ရန် အနိမ့်ဆုံးလုပ်ခလစာကို ၅၀ ရာခိုင်နှုန်း တိုးမြှင့်မည်
ကာရာကတ်စ်၊ ဇန်နဝါရီ ၉ 

ဗင်နီဇွဲလားတွင် ထိန်းမနိုင် သိမ်းမရ ငွေဖောင်းပွမှုများကြောင့် အနိမ့်ဆုံး လုပ်ခနှင့် ပင်စင်လစာများကို ၅၀ ရာခိုင်နှုန်း  တိုးမြှင့်မည်ဟု အစိုးရက ကြေညာကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

သမ္မတ နီကိုလပ်စ်မာဒူရိုက ယခု ဆောင်ရွက်ချက်ကြောင့် အလုပ်အကိုင်များနှင့် ဝင်ငွေများကို အကာအကွယ် ပေးနိုင်မည်ဟု ပြောကြားသည်။ ဝေဖန်သူများကမူ အခြေအနေကို ပိုဆိုးသွားစေလိမ့်မည်ဟု ဆိုကြသည်။

သမ္မတ မာဒူရိုသည် ရေနံကြွယ်ဝသော ဗင်နီဇွဲလားနိုင်ငံ၏ စီးပွားရေးကို တစ်လွဲတစ်ချော် စီမံခန့်ခွဲနေသည်ဟု အတိုက်အခံများက စွပ်စွဲထားကြသည်။ 

မာဒူရိုကမူ ၎င်းအနေနှင့် နိုင်ငံရေး ပြိုင်ဘက်များနှင့် စီးပွားရေး သမားများ၏ စီးပွားရေး စစ်ပွဲကို ရင်ဆိုင်နေရခြင်း ဖြစ်သည်ဟု ပြောကြားသည်။

ဗင်နီဇွဲလား၏ ငွေဖောင်းပွနှုန်းသည် ယခုနှစ်အတွင်း ၁၆၀၀ ရာခိုင်နှုန်းအထိ ရောက်ရှိမည်ဟု IMF က ခန့်မှန်းထားသည်။

အနိမ့်ဆုံး လုပ်ခလစာကို ဘိုလီဗာငွေ ၄၀,၀၀၀ (မှောင်ခိုဈေးကွက်တွင် ၁၂ ဒေါ်လာနှင့် ညီမျှသော) သို့ တိုးမြှင့်မည်ဖြစ်ပြီး၊ တစ်နှစ်အတွင်း ငါးကြိမ်မြောက် တိုးမြှင့်သည့် ဆောင်ရွက်ချက်ကြောင့် အစိုးရဝန်ထမ်းများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ပင်စင်စားများကို အကျိုး ဖြစ်ထွန်းစေမည်ဟု သမ္မတ မာဒူရိုက ပြောကြားသည်။

“စီးပွားရေး စစ်ပွဲနဲ့ မာဖီးယား တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရချိန်မှာ အလုပ်အကိုင်နဲ့ လုပ်သားတွေရဲ့ ဝင်ငွေကို အကာအကွယ် ပေးရမှာပါ”ဟု ၎င်းက အပတ်စဉ် ရုပ်သံမိန့်ခွန်းတွင် ပြောကြားသည်။

ဗင်နီဇွဲလားတွင် ငွေဖောင်းပွမှုသည် ကမ္ဘာတွင် အမြင့်ဆုံးဖြစ်ပြီး ဘော်လီဗာငွေ ၏တန်ဖိုးကို ကျဆင်းသွားစေသည်။ 

အဓိကပို့ကုန်ဖြစ်သော ရေနံဈေးနှုန်း များကျဆင်းမှုဂယက်ကို ကြုံတွေ့နေရသည့် အပြင် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အခြေခံ လူသုံးကုန်များ ရှားပါးမှုကိုလည်း ရင်ဆိုင် နေရသည်။

ပြဿနာ၏နောက်ခံ အကြောင်းရင်းမှာ သမ္မတ မာဒူရို၏ ညံ့ဖျင်းမှုနှင့် ၁၇ နှစ်ကြာ ဆိုရှယ်လစ် မူဝါဒများ ကျဆုံးမှုတို့ဖြစ်သည်ဟု အတိုက်အခံများက ပြောကြားခဲ့ကြပြီး ၂၀၁၃ ခုနှစ်က အာဏာရလာသော မာဒူရို နုတ်ထွက်ပေးရန် တောင်းဆိုနေကြသည်။

သို့ရာတွင် မာဒူရိုကမူ ဗင်နီဇွဲလား အီလစ်များသည် ၎င်းအား နိုင်ငံရေး အကျပ် ရိုက်အောင် စီးပွားရေး ကဏ္ဍကို  ဖျက်ဆီးနေကြသည်ဟု ပြန်လည် စွပ်စွဲထားသည်။ 

သမ္မတ၏ လုပ်ခတိုးမည့် အစီအစဉ်သည် တိုင်ပင်ခြင်း မပြုဘဲ ကြေညာခဲ့ခြင်းဖြစ်ပြီး အလုပ်အကိုင် ရှားပါးကာ အသေးစား လုပ်ငန်းများ ပိတ်သွားသည့် ရလဒ်သာ ထွက်ပေါ်လာနိုင်သည်ဟု ဗင်နီဇွဲလား ကုန်သည်ကြီးများ အသင်းက ပြောကြားသွားသည်။

အတိုက်အခံအမတ် ဂျိုဆေးဂူရာကလည်း ဗဟိုဘဏ်၏ ငွေစက္ကူ ပိုမိုရိုက်နှိပ်မှုကြောင့် ငွေဖောင်းပွမှု ပိုဆိုးလာလိမ့်မည်ဟု Twitter တွင် ဝေဖန်ရေးသားထားသည်။ 

F-04