News

POST TYPE

FOREIGN AFFAIRS

ဂျေရုဆလင်တွင် စစ်သားများကို ထရပ်ကားဖြင့် ဝင်တိုက်သူမှာ IS ထောက်ခံသူဟု အစ္စရေး ဝန်ကြီးချုပ်ဆို
10-Jan-2017 tagged as IS

ဂျေရုဆလင်၊ ဇန်နဝါရီ ၉ 

ဂျေရုဆလင်တွင် စစ်သားများကို ထရပ်ကားဖြင့် ဝင်တိုက်ပြီး လေးဦး သေဆုံးစေခဲ့သူမှာ IS ထောက်ခံသူတစ်ဦး ဖြစ်သည်ဟု ယူဆရကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုက ပြောကြားခဲ့ သည်ဟု BBC သတင်းက ဖော်ပြသည်။

ယင်းပြောကြားချက်အတွက် ဝန်ကြီးချုပ်က အထောက်အထား မပြခဲ့သော်လည်း ယခင်ကတည်းက အစ္စရေးကို တိုက်ခိုက်မည်ဟု IS ၏ ခြိမ်းခြောက်မှုများ ရှိခဲ့သည်။

အာမွန် ဟာနာဇစ်ဗ် ခရိုင်တွင် စစ်သားလူအုပ်ထဲသို့ ကုန်ကားဖြင့် ဝင်တိုက်ခဲ့သော ပါလက်စတိုင်းသားကို အသေမိခဲ့သည်။

IS ထောက်ခံသူများကို ရုံးမတင်ဘဲ ဖမ်းဆီးခွင့်ကို အစ္စရေး အမျိုးသားလုံခြုံရေး အစိုးရအဖွဲ့ အရေးပေါ် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

တိုက်ခိုက်မှုကြောင့် အသက် ၂၀ ဝန်းကျင် စစ်သည်အမျိုးသမီး သုံးဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ကုန်ကားဖြင့် လိုက်တိုက်သူသည် အခင်းဖြစ်နေရာအနီး အရှေ့ဂျေရုစလင်ရှိ ဂျာဘယ်မုခ်ဘာ ခရိုင်တွင် နေထိုင်သူ အသက် ၂၈ နှစ်အရွယ် ဖာဒီကွန်ဘာ ဖြစ်သည်ဟု အတည်ပြုထားသည်။

ထရပ်ကားသည် စစ်သားများထံ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာပြီး နောက်ပြန်တက်ကြိတ်သွားပုံကို စီစီတီဗီက မှတ်တမ်းတင်နိုင်ခဲ့သည်။

“လူတွေကို ပိုပြီးတိုက်မိအောင်လို့ နောက်ပြန်ပါ မောင်းခဲ့တာပါ။ (တမင်တိုက်တယ် ဆိုတာ) အရှင်းကြီးပါ” ဟု မျက်မြင်သက်သေတစ်ဦးဖြစ်သူ လိခ်ျရှရေဘာက ပြောကြားသည်။

သေဆုံးသူများမှာ ဗိုလ်ယဲလ်ယေ ကုတီယဲလ် (အသက် ၂၀)၊ ဗိုလ်ရှီယာ ဟက်ဂျက် (အသက် ၂၂ နှစ်)၊ ဒုဗိုလ် အီရက်ဇ် အော်ဘက်ခ်ျ (အသက် ၂၀)၊ ဒုဗိုလ် ရှီယာတီဇော် (အသက် ၂၀) တို့ ဖြစ်သည်ဟု အစ္စရေး ကာကွယ်ရေး တပ်မတော်က ထုတ်ပြန်သည်။

အခြားစစ်သားများက ယာဉ်မောင်းကို ပြန်လှန်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကာ ကားဖြင့် ဝင်တိုက်သူ၏ မိသားစုဝင်ငါးဦး အပါအဝင် ၎င်းင်းနေထိုင်ရာ ရပ်ကွက်မှ လူကိုးဦးကို ဖမ်းဆီးစစ်ဆေးလျှက် ရှိသည်။

အခင်းဖြစ်နေရာသို့ ဇန်နဝါရီလ ၈ ရက်နေ့ ညနေပိုင်းတွင် နေတန်ညာဟု သွားရောက်ခဲ့ပြီး “အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်လာမယ် ဆိုတာ ကျွန်တော်တို့ သိထားပါတယ်။ ဒါတွေကြားမှာ ကျိန်းသေ အချိတ်အဆက် ရှိရပါမယ်၊ ပြင်သစ်ကနေ ဘာလင်အထိ၊ အခု ဂျေရုစလင် အထိပေါ့” ဟု ပြောကြားခဲ့သည်။

ယမန်နှစ်က နိစ်မြို့နှင့် ဘာလင်မြို့တို့တွင် အကြမ်းဖက်ခဲ့သူများကလည်း လူအုပ်ထဲသို့ ကုန်ကားဖြင့် ဝင်တိုက်သည့် နည်းလမ်းကိုပင် အသုံးပြုခဲ့ကြသည်။

ရဲချုပ် ရိုနီအယ်လ်ဆက်ခ်ျက တိုက်ခိုက်သူသည် ပြီးခဲ့သည့်လက ဘာလင်တွင် ဖြစ်ပွားခဲ့သော ကုန်ကားအကြမ်းဖက်မှုကို နည်းယူခဲ့ဖွယ် ရှိကြောင်း သုံးသပ်ခဲ့သည်။

“ဘယ်စေ့ဆော်မှုကြောင့် ဒီလိုလုပ်သလဲဆိုတာ လူတစ်ယောက်ချင်းစီရဲ့ ခေါင်းထဲဝင်ကြည့်ဖို့တော့ ခက်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စတွေဟာ သက်ရောက်မှုရှိတယ် ဆိုတာတော့ သံသယဖြစ်စရာ မလိုပါဘူး” ဟု ရဲချုပ်က သုံးသပ်ခဲ့သည်။

ယခင်ကလည်း IS သည် အစ္စရေးကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်မှုများ ရှိခဲ့သော်လည်း အစ္စရေးတွင် အကြမ်းဖက် တိုက်ခိုက်မှုမျိုး ကျူးလွန်နိုင်ခဲ့ခြင်း မရှိပေ။ 

သို့သော်လည်း အစ္စရေး လုံခြုံရေးတပ်ဖွဲ့များက IS နှင့် အချိတ်အဆက် ရှိသည်ဟု သံသယရှိသူများကို ဖမ်းဆီးမှုများ ရှိခဲ့သည်။

ဂါဇာကမ်းမြောင်ကို ထိန်းချုပ်ထားသော ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်က တိုက်ခိုက်သူကို ချီးကျူ ဂုဏ်ပြုခဲ့သည်။ ဟားမတ်စ်အဖွဲ့ကို အမေရိကန်နှင့် အခြားနိုင်ငံများက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည်။ 

F-03