News

POST TYPE

FOREIGN AFFAIRS

ထိုင်းတောင်ပိုင်းမှာ ရေကြီး ရေလျှံမှုကြောင့် အနည်းဆုံး ၂၁ ဦး သေဆုံးကာ ရာဘာထုတ်လုပ်ရေး လုပ်ငန်းများ ရပ်ဆိုင်း
09-Jan-2017 tagged as ထိုင်း ရေကြီး

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရေကြီးရေလျှံမှုတွေကြောင့် အနည်းဆုံး လူ ၂၁ ဦး သေဆုံးပြီး ရာဘာထုတ်လုပ်ရေး လုပ်ငန်းတွေလည်း ရပ်ဆိုင်းသွားခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ယနေ့ (ဇန်နဝါရီ ၉ ရက်) ထုတ်ပြန်လိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ ပုံမှန်အားဖြင့် နိုဝင်ဘာ လကုန်ပိုင်းထိပဲ မိုးများလေ့ ရှိပေမယ့် ဒီနှစ်မှာတော့ အချိန်အခါ မဟုတ် ဇန်နဝါရီလအတွင်းမှာ ပြည်နယ် ၆၇ ပြည်နယ်အနက် ၁၂ ပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပွားခဲ့တာပါ။

ထိုင်းအာဏာပိုင်တွေဟာ လက်ရှိအချိန်မှာ ရေကြီးရေလျှံမှုတွေနဲ့ ကြုံတွေ့နေရတဲ့ ဒေသတွေကို ကယ်ဆယ်ရေး တပ်ဖွဲ့တွေ စေလွှတ်ထားပြီး ကယ်ဆယ်ရေးနဲ့ အကူအညီ ပစ္စည်းတွေ ပေးပို့နေပြီလည်း ဖြစ်ပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် လက်ရှိအချိန်မှာ အိမ်ခြေပေါင်း ၃ သိန်းကျော်အထိ ထိခိုက်ထားပြီး သေဆုံးတဲ့သူကလည်း ယနေ့(ဇန်နဝါရီ ၉ ရက်)နံနက်မှာ ၂၁ ဦးအထိ ရှိလာတာ ဖြစ်ပါတယ်။

ဒါ့အပြင် ထိုင်းတောင်ပိုင်းရဲ့ အဓိက လေဆိပ်နဲ့ ဘန်ကောက်ကနေ ထိုင်းတောင်ပိုင်းကို ပြေးဆွဲတဲ့ရထား ခရီးစဉ်တို့ကိုလည်း ယာယီ ရပ်ဆိုင်းထားရတယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

Ref : CNA