News

POST TYPE

FOREIGN AFFAIRS

သစ်ပင်လူသားဟု ခေါ်ဝေါ်ခံရသည့် ဘင်္ဂလားဒေ့ရှ် အမျိုးသား ၁၆ ကြိမ် ခွဲစိတ်မှု ခံယူပြီးနောက် ဆေးရုံမှဆင်းခွင့် ရတော့မည်
06-Jan-2017 tagged as ဆရာဝန်

သစ်ပင်လူသားလို့ ခေါ်ဝေါ်ခံရတဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားဟာ ၁၆ ကြိမ်တိုင် ခွဲစိတ်မှုခံယူခဲ့ပြီးတဲ့နောက်မှာ လူကောင်းတစ်ယောက် အဖြစ်နဲ့ ဆေးရုံက ဆင်းခွင့်ရဖို့ နီးစပ်သွားခဲ့ပြီ ဖြစ်ပါတယ်။

အဘူလ်ဘာဂျန်ဒါလို့ အမည်ရတဲ့ အသက် ၂၇ နှစ်အရွယ် ယင်းအမျိုးသားဟာ ခြေနဲ့လက်တို့မှာ သစ်ခေါက်ပုံစံ အသားမာတွေတက်တဲ့ ရှားပါးရောဂါ တစ်မျိုးကို ခံစားရတာကြောင့် သစ်ပင်လူသားလို့ ခေါ်ဝေါ်ခံခဲ့ရပြီး သူ့ရဲ့ ၃ နှစ်အရွယ် သမီးလေးကို မချီမပိုးနိုင်သလို ဘယ်အရာကိုမှ မဆုပ်နိုင် မကိုင်နိုင် ဖြစ်ခဲ့ရပါတယ်။

အဘူလ်ဘာဂျန်ဒါ ခံစားရတဲ့ ရောဂါဟာ သစ်ပင်လူသားရောဂါလို့ အမည်ရတဲ့ ရှားပါးမျိုးဗီဇ ဖောက်ပြန်မှု ရောဂါတစ်မျိုးဖြစ်ပြီး ကမ္ဘာပေါ်မှာ ယင်းရောဂါ ခံစားနေရသူပေါင်းက ၎င်းအပါအဝင်မှ ၄ ဦးသာ ရှိပါတယ်။

သူ့ရဲ့ရောဂါကို လွန်ခဲ့တဲ့ တစ်နှစ်လောက်က ဘင်္ဂလားဒေ့ရှ် ဆရာဝန်တွေက စတင်သတိပြုမိပြီးတဲ့ နောက်မှာ ခွဲစိတ်ကုသခဲ့တာ ဖြစ်ပါတယ်။

အဘူလ်ဘာဂျန်ဒါဟာ ၁၆ ကြိမ် ခွဲစိတ်ကုသမှု ခံယူခဲ့ပြီး နောက်မှာတော့ သူ့ရဲ့ သစ်ခေါက်ပုံအသားမာတွေကို ဖယ်ရှားပစ်နိုင်ပြီလို့ ယူဆရပြီး နောက်ထပ်တစ်လလောက်အတွင်း ဆေးရုံကနေ ကျန်းကျန်းမာမာနဲ့ ဆင်းနိုင်လိမ့်မယ်လို့ ဆရာဝန်တွေက ခန့်မှန်းထားပါတယ်။

တကယ်လို့ အဘူလ်ဘာဂျန်ဒါသာ သူ့ရဲ့အသားမာတွေ အရှင်းပျောက်ကင်းသွားမယ်ဆိုရင် သစ်ပင်လူသားရောဂါ ခံစားရသူတွေထဲမှာ ပထမဆုံး ပျောက်ကင်းတဲ့ သူဖြစ်လာမှာဖြစ်ပြီး ဒါဟာ ဆေးပညာလောကအတွက် မှတ်တိုင်တစ်ခုလည်း ဖြစ်လာမှာပါ။

Ref : CNA