POST TYPE
FOREIGN AFFAIRS
နှစ်နိုင်ငံဆွေးနွေးမှုများရှိသော်လည်း အမေရိကန်ပြည်ထောင်စုသည် ရန်စပြုမူမှုများ တစ်ဇောက်ကန်းလုပ်ဆောင်လျက်ရှိဟု မြောက်ကိုရီးယားစွပ်စွဲ
04-Jul-2019

ပြုံယမ်း၊ ဇူလိုင် ၄
အမေရိကန်ပြည်ထောင်စုသည် ရန်စပြုမူများကို တစ်ဇောက်ကန်းလုပ်နေသည့်နိုင်ငံဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံက စွပ်စွဲပြောကြားလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
မကြာသေးခင်က သမ္မတထရမ့်နှင့် ကင်ဂျုံအန်းတို့ တောင်-မြောက်နယ်စပ်ဒေသတွင် တွေ့ဆုံပြီး နျူကလီးယားဆွေးနွေးပွဲများ ဆက်လက်ကျင်းပသွားရန် သဘောတူညီမှုရရှိခဲ့သည့်တိုင် ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားကိုယ်စားလှယ်က ဗုဒ္ဓဟူးနေ့တွင် ယင်းသို့ စွပ်စွဲပြောဆိုလိုက်သည်။
အမေရိကန်ပြည်ထောင်စုသည် ဒဏ်ခတ်အရေးယူသည့်ကိစ္စကို တမ်းတမ်းစွဲဖြစ်နေသည်ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းက သမ္မတထရမ့်နှင့် ကင်ဂျုံအန်းတို့ နယ်စပ်ဒေသ စစ်မဖြစ်ရဇုန်တွင်တွေ့ဆုံပြီး မြောက်ကိုရီးယား နယ်နိမိတ်ထဲသို့ သမ္မတထရမ့်က ဝင်ရောက်ခဲ့သည်။ နှစ်နိုင်ငံနယ်စပ်တွင် ပိုင်းခြားထားသောစည်းမျဉ်းကိုကျော်ကာ သမ္မတထရမ့်က မြောက်ကိုရီးယားထဲသို့ ခြေချလိုက်ခြင်းဖြစ်သည်။
သို့အတွက်ကြောင့် သမ္မတထရမ့်သည် မြောက်ကိုရီးယားနိုင်ငံ နယ်နိမိတ်ထဲသို့ ပထမဆုံးခြေချဝင်ရောက်သည့် အမေရိကန်သမ္မတဖြစ်လာသည်။
၎င်းတို့သည် နယ်စပ်ဒေသ၌ တစ်နာရီနီးပါးခန့်တွေ့ဆုံခဲ့ပြီး နျူကလီးယားဖြုတ်သိမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရေးအတွက် ကိုယ်စားလှယ်အဖွဲ့များဖွဲ့စည်းရန် သဘောတူညီခဲ့ကြသည်။
သို့သော်လည်း ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားကိုယ်စားလှယ်က အမေရိကန်ပြည်ထောင်စုကို ရန်စပြုမူမှုများ တဇောက်ကန်းလုပ်ဆောင်နေသည့် နိုင်ငံဖြစ်သည်ဟု စွပ်စွဲပြောကြားသည်။
အမေရိကန်အစိုးရသည် ကိုရီးယားကျွန်းဆွယ်ဒေသတွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်လျက်ရှိသည်ဟုလည်း စွပ်စွဲသည်။
၎င်းက မြောက်ကိုရီးယားသည် လောင်စာဆီတင်သွင်းမှုဆိုင်ရာ သတ်မှတ်ပြဋ္ဌာန်းချက်ကို ချိုးဖောက်ခဲ့သည်ဟူသော စွပ်စွဲချက်ကို တုံ့ပြန်လိုက်ခြင်းဖြစ်သည်ဟုဆိုသည်။
ထို့ပြင် အမေရိကန်၊ ပြင်သစ်၊ ဂျာမနီနှင့် ယူကေတို့ပူးပေါင်းပြီး မြောက်ကိုရီးယားနိုင်ငံကို ဒဏ်ခတ်အရေးယူရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများထံသို့ စာတစ်စောင်ပေးပို့ခဲ့မှုကိုလည်း တုံ့ပြန်ခြင်းဖြစ်သည်ဟုဆိုသည်။
အဆိုပါနိုင်ငံများပူးတွဲရေးသားထားသည့်စာတွင် မြောက်ကိုရီးယားအလုပ်သမားများကို နေရပ်ပြန်ပို့ရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းထားသည်ဟုဆိုသည်။
“အဆိုပါစာသည် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲကျင်းပပြုလုပ်ရန် သမ္မတဒေါ်နယ်ထရမ့်က အဆိုပြုသည့်နေ့တွင်ပင် အဆိုပါနိုင်ငံများပူးပေါင်းပြီး စာပို့ခဲ့သည့်အချက်ကို မသိချင်ယောင်ဆောင်နေ၍ မဖြစ်နိုင်ပေ။ ယင်းအချက်ကိုကြည့်လျှင် အမေရိကန်ပြည်ထောင်စုသည် မြောက်ကိုရီးယားနိုင်ငံအပေါ် တဇောက်ကန်းသဘောဖြင့် ရန်စပြုမူနေသည်မှာ ပေါ်လွင်နေပေသည်”ဟု မြောက်ကိုရီးယားက ဖော်ပြသည်။
F-01
- VIA
- Voice Admin
- SOURCES
- The Voice
-
15-Jan-2021
-
15-Jan-2021
-
15-Jan-2021
-
15-Jan-2021
-
15-Jan-2021
-
15-Jan-2021
-
12-Jan-2021