News

POST TYPE

FOREIGN AFFAIRS

ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲတွင် ပြည်မကြီးလောင်းရိပ်အောက်မှ ဟောင်ကောင်လွတ်မြောက်ရေး ဆွေးနွေးပေးရန် တက်ကြွလှုပ်ရှားသူများ ချီတက်ဆန္ဒပြ
27-Jun-2019


ဟောင်ကောင်၊ ဇွန် ၂၆ 

ဟောင်ကောင်တွင် အငြင်းပွားဖွယ် တရားခံလွှဲပြောင်းပေးရေး ဥပဒေမူကြမ်း ဖျက်သိမ်းပေးရန် ကြိုးပမ်းမှုကို ထောက်ခံပေးရန်နှင့် တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်အကြား ဖြစ်နေသော မပြေလည်မှုများကိစ္စကို လာမည့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲတွင် ဆွေးနွေးပေးရန် ဆန္ဒပြသူ တစ်ထောင်ကျော်ခန့်က ဟောင်ကောင်ရှိ နိုင်ငံခြားကောင်စစ်ဝန် ရုံးများရှိရာသို့ ချီတက်ဆန္ဒပြခဲ့ကြကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဆန္ဒပြသူများက “ဟောင်ကောင် လွတ်မြောက်အောင် လုပ်ပေးပါ”  “ဟောင်ကောင်ကို ကူညီပါ”ဟု ရေးသားဖော်ပြထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဂျီ-၂၀ နိုင်ငံများ၏ ကောင်စစ်ဝန်ရုံးရှိရာသို့ ချီတက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ 

ဇွန်လ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ဂျပန်နိုင်ငံ အိုဆာကာမြို့၌ ဂျီ-၂၀ ထိပ်သီး ဆွေးနွေးပွဲတစ်ရပ် ကျင်းပရန်ရှိရာ ယင်းဆွေးနွေးပွဲတွင် ဟောင်ကောင်နှင့် ပြည်မကြီးအကြားက ပြဿနာများကို ထုတ်ဖော်ဆွေးနွေးပေးရန်နှင့် တရားခံလွှဲပြောင်းရေးဆိုင်ရာ ဥပဒေမူကြမ်းဖျက်သိမ်းရေးကို ဂျီ ၂၀ နိုင်ငံများက ထောက်ခံပေးရန် တောင်းဆိုကြခြင်းဖြစ်သည်။ 

ဟောင်ကောင်ပြည်သူ ထောင်ပေါင်းများစွာသည် ပြီးခဲ့သည့် သီတင်းပတ်သုံးပတ်တာ ကာလအတွင်း တရုတ်ပြည်သို့ တရားခံလွှဲပြောင်းရေးဆိုင်ရာ အဆိုပါ ဥပဒေမူကြမ်း ဖျက်သိမ်းရေးအတွက် လမ်းမများကို အချိန်ကြာမြင့်စွာပိတ်ဆို့ ဆန္ဒပြခဲ့ကြသည်။ ယင်း ဥပဒေကို အတည်ပြုဖြစ်မည်ဆိုပါက ဟောင်ကောင်၏ လွတ်လပ်သော တရားစီရင်ရေးစနစ်မှာ တရုတ်ပြည်မကြီးရှိ ကွန်မြူနစ် ပါတီဩဇာခံ တရားရုံးများ၏ လွှမ်းမိုးခြင်းခံရမည်ဖြစ်သောကြောင့် ဟောင်ကောင်ပြည်သူများက မကျေမနပ်ဖြစ်ကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ 

ဘေဂျင်းအစိုးရကို လိုလားသော ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က ယင်းဥပဒေကြမ်းကိစ္စ ဆွေးနွေးမှုများကို ရပ်ဆိုင်းလိုက်ပြီး ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့သည့်အတွက် ဝန်ချတောင်းပန်ပါကြောင်း ပြည်သူလူထုကို ပြောဆိုခဲ့သော်လည်း ဥပဒေဖျက်သိမ်းမည့်ကိစ္စကို ပြောဆိုခြင်းမရှိသေးပေ။ 

သို့အတွက်ကြောင့် ဟောင်ကောင် ပြည်သူများက ဥပဒေဖျက်သိမ်းရေးကိစ္စကို ဟောင်ကောင်အစိုးရက မကြေညာသေးသရွေ့ ဖိအားပေး ဆန္ဒပြသွားမည်ဖြစ်သည်ဟု ဆိုသည်။ 

“ဟောင်ကောင်အစိုးရက ဥပဒေကြမ်းကို မဖျက်သိမ်းသေးသရွေ့၊ ဖျက်သိမ်းမယ့် ကိစ္စကို ငြင်းနေသေးသရွေ့ ကျွန်တော်တို့က ဆက်လက်တိုက်ပွဲဝင်နေရဦးမှာပဲ”ဟု အသက် ၁၉ နှစ်အရွယ်ရှိ တက္ကသိုလ်ကျောင်းသား တစ်ဦးဖြစ်သူ အက်စ်လီတန်က ပြောကြားထားသည်။ 

“တိုကျိုမှာ ကျင်းပတော့မယ့် ဂျီ ၂၀ ထိပ်သီးဆွေးနွေးပွဲမှာ ကျွန်တော်တို့ဟာ ဟောင်ကောင်ကိစ္စကို တခြားနိုင်ငံတွေ ဆွေးနွေးပြောဆိုကြတာကို မြင်တွေ့ချင်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသွားသည်။

F-01


  • VIA