News

POST TYPE

FOREIGN AFFAIRS

ဂမ်ဘီယာသမ္မတဟောင်း၏ အဓမ္မပြုကျင့်ခြင်းခံခဲ့ရဟု အလှမယ်ဟောင်း ထုတ်ဖော်စွပ်စွဲ
26-Jun-2019

ဘန်ဂျူး၊ ဇွန် ၂၆ 

ဂမ်ဘီယာနိုင်ငံ၏ သမ္မတဟောင်း ယာရာဂျမားသည် မိမိကို ၎င်း၏ရုံးခန်းအတွင်း အဓမ္မပြုကျင့်ခဲ့သည်ဟု ဂမ်ဘီယာနိုင်ငံ၏အလှမယ်ဟောင်း ဖာတူတိုဖာဂျာလိုက ထုတ်ဖော်ပြောကြားလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

အသက် ၂၃ နှစ်အရွယ်ရှိ အလှမယ်ဟောင်း ဖာတူတိုဖာဂျာလိုသည် ယခုအခါ ဗဟိုအာဖရိကဒေသရှိ အီကွေတိုရီယဲလ်ဂီနီနိုင်ငံတွင် ပြည်ပြေးဘဝဖြင့်နေထိုင်လျက်ရှိပြီး လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့နှင့် နိုင်ငံတကာခုံရုံးတို့က ထုတ်ပြန်သော စစ်ဆေးချက်ဆိုင်ရာ အစီရင်ခံစာတွင် ဂမ်ဘီယာသမ္မတဟောင်း ယာရာဂျမားအကြောင်း ယင်းသို့ထွက်ဆိုထားခြင်းဖြစ်သည်။ 

ဂမ်ဘီယာအာဏာရပါတီ APRC မှ ပြောရေးဆိုခွင့်ရှိသူကမူ အလှမယ်ဟောင်း ဖာတူတိုဖာဂျာလို၏ စွပ်စွဲပြောဆိုထွက်ချက်များသည် မှန်ကန်မှုမရှိဟု ငြင်းဆိုသည်။ 

“ဒါတွေဟာ ကျွန်တော်တို့ရဲ့ သမ္မတဟောင်းကြီးနဲ့ပတ်သက်ပြီး မဟုတ်မမှန် လျှောက်ပြောနေတာတွေပဲဖြစ်ပါတယ်”ဟု ပြောရေးဆိုခွင့်ရှိသူ အူမန်ရမ်ဘိုဂျတ်တာက ပြောကြားသည်။

ထို့ပြင် သမ္မတဟောင်းအနေနှင့် ယခုလို လိမ်ညာထွက်ဆိုမှုများကို တုံ့ပြန်နေရန်အချိန်မရှိကြောင်း၊ သူသည် လေးစားစရာကောင်းသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ဘုရားသခင်၏ အဆုံးအမကို တရိုတသေ လိုက်နာသူဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။ 

APRC ပါတီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူကမူ သမ္မတဟောင်းသည် ဂမ်ဘီယာ အမျိုးသမီးများအပေါ် တလေးတစား ဆက်ဆံတတ်သူဖြစ်ကြောင်းလည်း ပြောကြားသွားသည်။

သို့သော် အလှမယ်ဟောင်း ဖာတူတို ဖာဂျာလိုက သူမအနေနှင့် သမ္မတဟောင်း ဂျမား (၅၄ နှစ်) ကို တရားရုံးတွင် ဆုံတွေ့လိုပြီး လုပ်ခဲ့သမျှအတွက် တရားစီရင်ခံစေလိုကြောင်း ပြောကြားသည်။

“ခုချိန်မှာ ဒါကိုထုတ်ဖော်ပြောဆိုမှဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်၊ ဘာကြောင့်လဲဆိုတော့ ဒီအချိန်ဟာ ဖြစ်ရပ်မှန်ဇာတ်ကြောင်းကို ပြောရမယ့်အချိန်၊ သမ္မတဟောင်းဂျမား ဘာလုပ်ခဲ့တယ်ဆိုတာကို လူသိရှင်ကြား သိအောင်လုပ်ရမယ့်အချိန်ဖြစ်လို့ပါပဲ”ဟု အလှမယ်ဟောင်း ဖာတူတိုဖာဂျာလိုက ပြောကြားသည်။

ထို့ပြင်အလှမယ်ဟောင်း ဖာတူတိုဖာဂျာလိုက မိမိအနေနှင့် လက်ရှိသမ္မတ အဒါမာဘာရိုကိုယ်တိုင် ဖွဲ့စည်းပေးထားသော ဂမ်ဘီယာနိုင်ငံ အမှန်တရားနှင့် ပြန်လည် စည်းလုံးညီညွတ်ရေးဆိုင်ရာ ကော်မရှင်ရှေ့မှောက်တွင် အဆိုပါဖြစ်ရပ်ကို ထွက်ဆိုလိုသည်ဟုလည်း ပြောကြားသည်။ 

ယင်းကော်မရှင်သည် သမ္မတဟောင်း ဂျမား၏ ၂၂ နှစ်ကြာ အုပ်ချုပ်မှုသက်တမ်းအတွင်းရှိခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ထုတ်နေသည့်အဖွဲ့လည်းဖြစ်သည်။

F-01