News

POST TYPE

FOREIGN AFFAIRS

ဒေါ်နယ်ထရမ့်က ၎င်းအား မုဒိမ်းမှုစွပ်စွဲသူကို ကျုပ်အကြိုက်ပုံစံ မဟုတ်ပါဘူးဟု တုံ့ပြန်
26-Jun-2019


ဝါရှင်တန်၊ ဇွန် ၂၅

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ၁၉၉၀ ခုနှစ်များအတွင်းက နယူးယောက် ကုန်တိုက်တစ်ခု၏ အဝတ်လဲခန်းတွင် လိင်စော်ကားမှု ပြုလုပ်ခဲ့သည်ဟု ၎င်းအား မဂ္ဂဇင်းဆောင်းပါးရှင် အမျိုးသမီးတစ်ဦးက စွပ်စွဲထားခြင်းနှင့်ပတ်သက်၍ တနင်္လာနေ့က ထပ်မံငြင်းဆန်လိုက်ပြီး “သူက ကျုပ်အကြိုက်ပုံစံ မဟုတ်ပါဘူး”ဟု ပြောကြားလိုက်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

၁၉၉၀ ခုနှစ်များအတွင်းက သူမအား ထရမ့်က လိင်စော်ကားမှု ပြုလုပ်ခဲ့သည်ဟု အီးဂျင်းကာရောလ်က သူမ၏ နောက်ဆုံးထုတ် စာအုပ်သစ်တွင် ရေးသားထားခြင်းနှင့်ပတ်သက်၍ Hill နိုင်ငံရေး သတင်းဌာနက သမ္မတထရမ့်အား တွေ့ဆုံမေးမြန်းရာတွင် ထိုသို့မှတ်ချက်ပေးလိုက်ခြင်းဖြစ်သည်။

“ဒီကိစ္စကို တလေးတစား ဖြေပါ့မယ်ဗျာ။ နံပါတ်တစ်က သူက ကျုပ်အကြိုက် ပုံစံမျိုးမဟုတ်ဘူး။ နံပါတ်နှစ်က ဒီကိစ္စ လုံးဝမဖြစ်ခဲ့ဘူး။ လုံးဝ မရှိခဲ့ဘူး။ ဟုတ်ပြီလား”ဟု ထရမ့်က ဘဲဥပုံရုံးခန်းတွင် ပြုလုပ်သော အင်တာဗျူးတွင် ပြောကြားခဲ့သည်။

“ဒီအမျိုးသမီးက ဗြောင်လိမ်နေတာ။ သူ့အကြောင်း ကျုပ်ဘာမှမသိဘူး”ဟု ထရမ့်က ဆိုသည်။

ဂျင်းကာရောလ်သည် နယူးယောက် မဂ္ဂဇင်းက ထုတ်ဝေခဲ့သည့် သူမ၏စာအုပ်သစ်မှ ကောက်နုတ်ချက်များကို လူမှုကွန်ရက်တွင် ယခင်အပတ်က တင်ခဲ့ရာမှ ထရမ့်အပေါ် ယခင်က လိင်နှောင့်ယှက်မှုများအကြောင်း ထုတ်ဖော်စွပ်စွဲသော ၁၆ ယောက်မြောက် အမျိုးသမီးလည်း ဖြစ်လာခဲ့သည်။

ထိုဖြစ်စဉ်တွင် မင်ဟက်တန်ရပ်ကွက်ရှိ ဘားဒေါ့ဂွတ်မန်းကုန်တိုက်တွင် အိမ်၊ ခြံ၊ မြေလုပ်ငန်းရှင် ထရမ့်က အမည်မဖော်လိုသော အမျိုးသမီးတစ်ဦးအတွက် အတွင်းခံ အဝတ်အစားဝယ်ရန် အကြံဉာဏ်တောင်းခဲ့ပြီးနောက် အဝတ်လဲခန်း တံခါးအတွင်း တံခါးကိုပိတ်ကာ သူမအား နံရံသို့ တွန်းကပ်၍ အတင်းအကျပ် ဖက်နမ်းခဲ့ကြောင်း၊ ထို့နောက် သူမအား နံရံတွင် တွန်းကပ်ထားကာ အသားကပ်ဘောင်းဘီကို ဆွဲချ၍ အဓမ္မကျင့်ခဲ့ကြောင်း၊ သူမက နောက်ဆုံးတွင် ထရမ့်အား တွန်းထုတ်နိုင်ခဲ့ပြီး အဝတ်လဲခန်းအတွင်းမှ ထွက်ပြေးလာခဲ့ကြောင်း ကာရောလ်က အသေးစိတ်ရေးသားထားသည်။

ကာရောလ်က “ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တဲ့ဖြစ်ရပ်ပါ။ ပြီးရင်တော့ သူက လစ်သွားတာပဲ။ ဒီကိစ္စမျိုးကို လူသိရှင်ကြား ထုတ်ပြောလာတဲ့ အမျိုးသမီး ၁၅ ယောက်၊ ကျွန်မနဲ့ဆို ၁၆ ယောက်။ အားလုံးက အတူတူပဲ။ သူက ငြင်းမယ်။ ပြီးရင် ပြောင်းပြန်ဖြစ်အောင် ပြောမယ်။ တိုက်ခိုက်တယ်။ နောက်ပြီးတော့ ခြိမ်းခြောက်တယ်”ဟု တနင်္လာနေ့က CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။

ကာရောလ်က နောက်ဆက်တွဲ ဂယက်များကို ကြောက်ရွံ့သောကြောင့် ရဲစခန်းသို့ တိုင်ကြားခြင်းမပြုခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။ 

F-04


  • VIA