News

POST TYPE

FOREIGN AFFAIRS

အယာတိုလာခါမေနီအပါအဝင် အီရန်ထိပ်တန်းခေါင်းဆောင်များကို အမေရိကန်ဒဏ်ခတ်အရေးယူ၊ သံတမန်လမ်းကြောင်း အပြီးအပိုင် ပိတ်လိုက်ခြင်းဖြစ်ဟု အီရန်တုံ့ပြန်
26-Jun-2019


တီဟီရန်၊ ဇွန် ၂၅ 

အီရန်နိုင်ငံ၏ ဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာခါမေနီနှင့် အီရန်ထိပ်တန်းအရာရှိကြီးများအပေါ် အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်အရေးယူကြောင်း အင်္ဂါနေ့ (ဇွန်လ ၂၅) တွင် ထုတ်ပြန်ကြေညာလိုက်ခြင်းသည် အမေရိကန်နှင့်အီရန်အကြား သံတမန် ဆက်ဆံရေးလမ်းကြောင်း ရာသက်ပန် ပိတ်ပင်လိုက်သည့် သဘောပင်ဖြစ်သည်ဟု အီရန်အစိုးရက အဆိုပါအမေရိကန် ဒဏ်ခတ်အရေးယူမှုသစ်နှင့်ပတ်သက်၍ တုံ့ပြန်ပြောကြားလိုက်သည်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် တနင်္လာနေ့ (ဇွန်လ ၂၄) က အီရန်နိုင်ငံ ထိပ်တန်းခေါင်းဆောင်ကြီး အယာတိုလာ ခါမေနီ အပါအဝင် အခြားထိပ်ပိုင်း အီရန် အစိုးရအရာရှိကြီးများအပေါ် ဒဏ်ခတ် အရေးယူမည့် ညွှန်ကြားချက်တစ်ရပ်ကို လက်မှတ်ရေးထိုးပေးလိုက်သည်။ 

ယင်းလုပ်ရပ်သည် အီရန်လေပိုင်နက်ထဲသို့ ဝင်ရောက်လာသော အမေရိကန်ပြည်ထောင်စု၏ မောင်းသူမဲ့ဒရုန်းလေယာဉ် တစ်စင်းကို အီရန်နိုင်ငံက ပစ်ချခဲ့မှုအပေါ် အပြင်းထန်ဆုံး ဖိအားပေးမှုဖြစ်သည်။ 

ထို့နောက် ဝါရှင်တန်က အီရန်နိုင်ငံခြားရေးဝန်ကြီး ဇာရစ်ကိုလည်း ဒဏ်ခတ် အရေးယူသွားမည်ဖြစ်သည်ဟု ဆိုသည်။ 

“အီရန်ထိပ်တန်းခေါင်းဆောင်ကြီး (အယာတိုလာခါမေနီနှင့် အီရန်၏ ထိပ်တန်း သံတမန် မိုဟာမက်ဂျာဗက်ဇာရစ်) အပေါ် အသုံးမဝင်သည့် ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ခြင်းသည် သံတမန်ရေးရာ လမ်းကြောင်းတစ်ခုလုံးကို ရာသက်ပန် ပိတ်ပင်လိုက်ခြင်းဖြစ်သည်”ဟု အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အဘတ် မိုဆာဗီက Twitter တွင် ဖော်ပြသည်။ 

“ဒေါ်နယ်ထရမ့်၏ ဆိုးရွားသော အုပ်ချုပ်ရေးအဖွဲ့ (အမေရိကန်အစိုးရ) သည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းထားသည့် နိုင်ငံတကာဆက်ဆံရေးစနစ်ကြီးကို ဖျက်ဆီးပစ်နေခြင်းဖြစ်သည်”ဟုလည်း ဆက်လက်ဖော်ပြသည်။ 

ယမန်နေ့က အိမ်ဖြူတော်ရုံးခန်းတွင် အီရန်နိုင်ငံကို ဒဏ်ခတ်အရေးယူမည့် ညွှန်ကြားချက်တစ်ရပ်အား လက်မှတ်ရေးထိုးရာ၌ သမ္မတထရမ့်က “ယခုအစီအစဉ်သည် အီရန်၏ ရန်စပြုမူလာသော လုပ်ရပ်များကို ပြင်းပြင်းထန်ထန်နှင့် အချိုးကျကျ တုံ့ပြန်ခြင်းသာဖြစ်သည်”ဟု ပြောကြားသည်။ 

အီရန်အနေနှင့် နျူကလီးယား လက်နက်ကို မည်သို့မျှပိုင်ဆိုင်နိုင်မည် မဟုတ်ကြောင်း၊ ယခုဆိုလျှင် နျူကလီးယား တပ်ဆင်ရန် ကြိုးပမ်းနေခြင်းမရှိကြောင်း အာမခံပြောဆိုနေခဲ့သည့် အီရန်အနေနှင့် စေ့စပ်ဆွေးနွေးရတော့မည်ဖြစ်ကြောင်း ထရမ့်က ဆိုသည်။ 

အမေရိကန်ဒရုန်းလေယာဉ်ကို ပစ်ချခံရပြီးနောက် အီရန်၏ ပစ်မှတ်များကို တိုက်ခိုက်မည့် အစီအစဉ်အား သမ္မတထရမ့် က သဘောတူခွင့်ပြုခဲ့သော်လည်း နောက်မှ ပြန်လည်ရုပ်သိမ်းလိုက်သည်။ 

F-01


  • VIA