News

POST TYPE

FOREIGN AFFAIRS

အီသီယိုးပီးယားတွင် အာဏာသိမ်းရန် ကြိုးပမ်းမှုကြီးပေါ်ပေါက်၊ ကာကွယ်ရေးဦးစီးချုပ်ကို သက်တော်စောင့်ဖြစ်သူက လုပ်ကြံသတ်ဖြတ်
24-Jun-2019



အဒစ်အာဘာဘာ၊ ဇွန် ၂၃ 

အီသီယိုးပီးယားနိုင်ငံစစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆီရီမက်ကွန်နန်သည် မြို့တော်အဒစ်အာ ဘာဘာတွင် ၎င်း၏သက်တော်စောင့်ဖြစ်သူက ပစ်ခတ်သတ်ဖြတ်ခြင်းကြောင့် သေဆုံးသွားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

၎င်းနှင့် အခြားသောအစိုးရအရာရှိ တစ်ဦးတို့သည် အီသီယိုးပီးယားနိုင်ငံ မြောက်ပိုင်း အမ်ဟာရာဒေသအစိုးရအဖွဲ့ကို ဖြုတ်ချပြီး အာဏာသိမ်းရန် ကြိုးပမ်းမှုကြီး မပေါ်ပေါက်အောင် ကြိုးပမ်းနေစဉ် လုပ်ကြံသတ်ဖြတ်ခံလိုက်ရခြင်းဖြစ်သည်။ 

ယင်းလုပ်ကြံသတ်ဖြတ်မှုကြီးတွင် အမ်ဟာရာဒေသ အုပ်ချုပ်ရေးမှူး အမ်ဘာချူးမက်ကိုနန်လည်း ၎င်း၏အကြံပေး ပုဂ္ဂိုလ်နှင့်အတူ သတ်ဖြတ်ခံခဲ့ရသည်ဟု ဝန်ကြီးချုပ် အဘီအာမက်က ပြောကြားသွားသည်။ 

အမ်ဟာရာနှင့် အီသီယိုးပီးယား၏ အခြားဒေသများတွင် လတ်တလောနှစ်များအတွင်း တိုင်းရင်းသားလူမျိုးစုများအကြား ဆူပူအုံကြွမှုများပေါ်ပေါက်ခဲ့သည်။ 

လုပ်ကြံသတ်ဖြတ်မှုကြီး ပေါ်ပေါက်ခဲ့ပြီးနောက် အီသီယိုးပီးယားဝန်ကြီးချုပ် အဘီအာမက်က စစ်တပ်၏ အားနည်းလျော့ရဲမှုများကို ပြစ်တင်ရှုတ်ချသည်။ 

အီသီယိုးပီးယားဝန်ကြီးချုပ်သည် ယမန်နှစ် ရွေးကောက်တွင် အနိုင်ရရှိပြီးချိန်မှစ၍ နိုင်ငံရေးဖိနှိပ်မှုများအဆုံးသတ်ရန် ကြိုးပမ်းခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခဲ့သလို နိုင်ငံရေးပါတီများ ဖွဲ့စည်းထူထောင်ခွင့်ပြုခဲ့သည်။ ထို့ပြင် လူ့အခွင့်အရေးချိုးဖောက်သော အရာရှိကြီးများကို အရေးယူအပြစ်ပေးခဲ့သည်။ 

အီသီယိုပီးယား၏ လတ်တလော အခြေအနေများနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက သံရုံးအမှုထမ်းများအနေနှင့် အဒစ်အာဘာ ဘာမြို့တွင်ပင် နေထိုင်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားသည်။ 

မြို့တော်အဒစ်အာဘာဘာတွင် ဖြစ်ပေါ်ခဲ့သော ပစ်ခတ်သတ်ဖြတ်မှုများကို သိရှိထားပါသည်ဟုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။ 

ဗိုလ်ချုပ်ကြီးဆီရီမက်ကွန်နန်သည် အခြားစစ်ဘက်အရာရှိတစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဂီဇိုင်အာဘာရာနှင့်အတူ လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ ၎င်းတို့ကိုလုပ်ကြံခဲ့သည့် သက်တော်စောင့်ကိုယ်ရံတော်ကို ဖမ်းဆီးချုပ်နှောင်ထားပြီဖြစ်သည်ဟု သိရသည်။ 

အမ်ဟာရာပြည်နယ်အုပ်ချုပ်ရေးမှူး အမ်ဘာချူးမက်ကိုနန်မှာမူ သူ၏အကြီး တန်းအကြံပေးပုဂ္ဂိုလ် အီဇက်ဝါဆီနှင့်အတူ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ ယင်းဒေသ၏ ရှေ့နေချုပ်ဖြစ်သူမှာ သေနတ်ပစ်ခံရမှုကြောင့် ဒဏ်ရာရရှိသွားသည်။ 

အီသီယိုးပီးယားဝန်ကြီးချုပ်ရုံးမူ အမ်ဟာရာပြည်နယ် လုံခြုံရေးအကြီးအကဲ အမ်မင်နူဆာဂီဆိုသူသည် အာဏာသိမ်းရန် ကြံစည်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲပြောကြားသည်။  

F-01