News

POST TYPE

FOREIGN AFFAIRS

တရုတ်နိုင်ငံတွင် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းကာ လူကုန်ကူးခံရသူ အမျိုးသမီး ၁,၁၀၀ ကျော်ကို ကယ်တင်
23-Jun-2019


ဘေဂျင်း၊ ဇွန် ၂၃

တရုတ်ရဲဌာနသည် အရှေ့တောင်အာရှ ငါးနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ကာ မနှစ်က ဒုတိယနှစ်ဝက်အတွင်း လူကုန်ကူးခံရသူ နိုင်ငံခြားအမျိုးသမီး ၁,၁၃၀ ကို ကယ်ဆယ်နိုင်ခဲ့သည်ဟု ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက သောကြာနေ့က ထုတ်ပြန်ခဲ့သည်ဟု Bangkok Post သတင်းတွင် ဖော်ပြထားသည်။

အမျိုးသမီးများအား အလုပ်အကိုင် သို့မဟုတ် အိမ်ထောင်ဖက်ရှာပေးမည်ဟု သွေးဆောင်ဖြားယောင်းကာ ပြန်ပေးဆွဲမှုဖြင့် နိုင်ငံခြားသား ၂၆၂ ဦး အပါအဝင် တရားခံ ၁၃၂၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး အလားတူ စီမံချက်မျိုးတွင် အကြီးမားဆုံး စစ်ဆင်ရေးဖြစ်သည်ဟု ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂိုလင်က ပြောကြားသည်။

မကြာသေးမီနှစ်များအတွင်း ဥပဒေချိုးဖောက်သော ဒေသခံများနှင့် နိုင်ငံခြားသားအချို့သည် အိမ်နီးချင်းတိုင်းပြည်များမှ အမျိုးသမီးများအား သွေးဆောင်ဖြားယောင်းကာ တရုတ်နိုင်ငံအတွင်းသို့ ဇနီးမယားအဖြစ် ရောင်းချခဲ့ကြသည်ဟု ဂိုလင်က ဘေဂျင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ 

တစ်အိမ်ထောင် ကလေးတစ်ယာက် မူဝါဒ အကျိုးဆက်ကြောင့် မိန်းကလေး ရှားပါးလာသောတရုတ်နိုင်ငံတွင် မကြာသေးမီနှစ်များအတွင်း အိမ်နီးချင်းနိုင်ငံသူ သတို့သမီး လိုအပ်ချက် မြင့်တက်လာခဲ့သည်။ 

“ဒီလုပ်ရပ်က အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားကို ချိုးဖောက်ဖျက်ဆီးတာဖြစ်ပါတယ်”ဟု ဂိုလင်က ဆိုသည်။

အထူးသဖြင့် တရုတ်နိုင်ငံတောင်ပိုင်း သို့မဟုတ် နယ်ဘက်မှ အမျိုးသားများသည် ကား၊ အိမ်နှင့် ဝင်ငွေကောင်းသော အလုပ်မရှိပါက ဇနီးလောင်းရှာတွေ့ရန် ခက်ခဲလာခဲ့သည်ဟု သိရှိရသည်။

တရုတ်နိုင်ငံတွင် ကြင်ဖက်ရှာပေးသော အကျိုးဆောင်လုပ်ငန်းသည် တရားဝင်လက်ခံထားသော အလေ့အထတစ်ခုဖြစ်သော်လည်း လူကုန်ကူးမှုကို တားဆီးရန်အတွက် ပြည်ပမှ သတို့သမီးရှာဖွေမှုကိုမူ ဥပဒေအရ တားမြစ်ထားသည်။

တရုတ်နိုင်ငံ၏ လျော့လျဲသော အရှေ့ တောင်ဘက် နယ်စပ်တစ်လျှောက်တွင် လူမှောင်ခိုကူးသူများသည် လူမှုမီဒီယာတွင် အိမ်နီးချင်းတိုင်းပြည်များမှ အမျိုးသမီးများအား သွေးဆောင်ဖြားယောင်းကာ ခေါ်ဆောင်လာပြီး မူးယစ်ဆေးတိုက်ကာ ပိုက်ဆံ၊ ဖုန်းနှင့် အထောက်အထားများကို သိမ်းယူပြီးနောက် တရုတ်နိုင်ငံအတွင်းပိုင်းထဲသို့ ခြိမ်းခြောက်ခေါ်ဆောင်သွားကာ ရောင်းစားကြသည်ဟု မနှစ်က AP သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။

ရောင်းစားခံရသော အမျိုးသမီးများသည် ဘာသာစကား အခက်အခဲကြောင့် ပတ်ဝန်းကျင်နှင့် ပြောဆိုဆက်သွယ်ရန်မဖြစ်နိုင်ဘဲ တရုတ်နိုင်ငံ ကျေးလက်တွင် အထီးကျန်ကာ ဘဝဆုံးကြရသည်။

တရုတ်ရဲတပ်ဖွဲ့သည် မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း စသော အရှေ့တောင်အာရှနိုင်ငံများမှ ရဲတပ်ဖွဲ့များနှင့် လူကုန်ကူးမှုနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာကို ၂၀၀၄ ခုနှစ်က လက်မှတ်ရေးထိုးထားသည်။

မနှစ်က ဇူလိုင်လမှ ဒီဇင်ဘာလအထိ ပြုလုပ်ခဲ့သော စစ်ဆင်ရေးတွင် မဲခေါင်ဒေသ ခြောက်နိုင်ငံမှ ရဲတပ်ဖွဲ့များ ပူးပေါင်းပါဝင်ခဲ့ကြသည်။ ကယ်ဆယ်နိုင်ခဲ့သော အမျိုးသမီးများထဲတွင် ဗီယက်နမ်နှင့် ကမ္ဘောဒီးယား အမျိုးသမီးများ အများဆုံး ပါဝင်သည်ဟု သိရှိရသည်။

လူကုန်ကူးခံရသူ အမျိုးသမီးများအား ရှာဖွေကယ်ဆယ်၍ ဇာတိနိုင်ငံသို့ ပြန်ပို့နိုင်ရန်အတွက် တရုတ်နိုင်ငံက အိမ်နီးချင်း မြန်မာ၊ ဗီယက်နမ်၊ လာအိုနိုင်ငံများတွင် ဆက်ဆံရေးရုံး ရှစ်ရုံး ဖွင့်လှစ်ထားသည်။

သို့ရာတွင် အနှောင်အဖွဲ့ကင်းသော လှုပ်ရှားသူများနှင့် အဖွဲ့အစည်းများကို ဘေဂျင်းက တင်းကျပ်ထားမှုကြောင့် အမျိုးသမီးအချို့သည် အာဏာပိုင်များ မသိအောင် တိတ်တဆိတ်လှုပ်ရှားသော မြေအောက် ကူညီရေးကွန်ရက်များ၏ အကူအညီဖြင့် လွတ်မြောက်လာခြင်းဖြစ်သည်။

F-04