News

POST TYPE

FOREIGN AFFAIRS

ကမ္ဘောဒီးယားမှာ ဆောက်လက်စအဆောက်အအုံပြိုကျ၊ သုံးဦးသေဆုံးပြီး ဒါဇင်နှင့်ချီပိမိလျက်ရှိ
23-Jun-2019


ဖနွမ်ပင်၊ ဇွန် ၂၂ 

ကမ္ဘောဒီးယားနိုင်ငံ၏ အပန်းဖြေ ကမ်းခြေမြို့တစ်မြို့ဖြစ်သော သီဟာနုဗယ်လီမြို့တွင် ဆောက်လက်စအဆောက်အအုံတစ်ခု ပြိုကျရာ အနည်းဆုံးလူ ၃ ဦးသေဆုံးသွားပြီး လူအမြောက်အမြား အပြိုအပျက်များအောက်တွင် ပိမိနေသည်ဟုယုံကြည်ရကြောင်း အစိုးရအာဏာပိုင်များက အတည်ပြုပြောကြားသည်။ 

AFP သတင်းဌာန ဖော်ပြချက်အရ သီဟာနုဗယ်လီမြို့မှ ဆောက်လက်စ ၇ ထပ်တိုက် အဆောက်အအုံမှာဇွန်လ ၂၂ ရက်နေ့ နံနက်အစောပိုင်းတွင် ပြိုကျသွားခဲ့ခြင်းဖြစ်ပြီး ပြိုကျချိန်တွင် အလုပ်သမားများ ယင်းအဆောက်အအုံထဲတွင်ရှိနေခဲ့သည်ဟု သိရသည်။ 

“အပြိုအပျက်တွေအောက်ကနေ သေဆုံးသူတစ်ဦးကို ဆွဲထုတ်နိုင်ခဲ့တယ်၊ သေဆုံးသူ နှစ်ဦးကျန်နေသေးတယ်။ အပြိုအပျက်တွေကြားမှာ ပိနေတယ်”ဟု ယင်းမြို့၏ အုပ်ချုပ်ရေးမှူး ယွမ်မင်းက AFP သို့ ပြောကြားသည်။ 

၎င်း၏ အဆိုအရ ထိခိုက်ဒဏ်ရာရရှိသွားသူ အနည်းဆုံး ၁၃ ဦးရှိသည်။ အခြားသတင်းဓာတ်ပုံများတွင် ကယ်ဆယ်ရေး အဖွဲ့များက အပြိုအပျက်များအောက်မှ ပိမိနေသူများကို ကယ်ထုတ်နေပုံများ တွေ့ရသည်။ မျက်မြင်သက်သေများနှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များ၏ အဆိုအရ ပြိုကျသွားသည့် အဆောက်အအုံအောက်ဘက်တွင် ပိမိနေသူအမြောက်အမြားရှိနေသည်ဟု ယုံကြည်ရသည်။ 

“အပြိုအပျက်တွေအောက်မှာ ပိမိနေတဲ့သူအနည်းဆုံး ၃၀ ကျော်လောက်တော့ရှိမယ်”ဟု ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီး ခီနူခန်ဟာရတ်က လူမှုကွန်ရက် Facebook တွင် ရေးသားဖော်ပြသည်။ 

အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသွားသူများအားလုံးမှာ ကမ္ဘောဒီးယားလူမျိုးများသာဖြစ်ပြီး အလုပ်သမားနှစ်ဦးနှင့် စကားပြန်တစ်ဦးတို့ဖြစ်သည်ဟု ဆိုသည်။ 

အဆိုပါ အဆောက်အအုံသည် တရုတ်နိုင်ငံသားတစ်ဦးနှင့် သက်ဆိုင်ကြောင်း၊ ၎င်းသည် ကမ္ဘောဒီးယားလူမျိုး မြေပိုင်ရှင်ထံမှ မြေငှားရမ်းပြီး ထိုအဆောက်အအုံကို ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ယွမ်မင်း၏ အဆိုအရ သိရသည်။ 

သီဟာနုဗယ်လီသည် ယခင်က တံငါမြို့ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် အနောက်တိုင်းသား ခရီးသွားများဝင်ရောက်အပန်းဖြေရာမှာ နာမည်ကျော်အပန်းဖြေစခန်း တစ်ခုဖြစ်လာခဲ့ခြင်းဖြစ်သည်။ 

လတ်တလောနှစ်များတွင် သီဟာနု ဗယ်လီမြို့သို့ တရုတ်ရင်းနှီးမြှုပ်နှံမှုများ ဒလဟောဝင်ရောက်လာပြီး ဆောက်လုပ်ရေးလုပ်ငန်းများလည်း ကြီးထွားလာသည်။ ယင်းမြို့တွင် ကာစီနိုလောင်းကစားရုံ အမြောက်အမြားရှိပြီး တရုတ်ပြည်မကြီးမှ ခရီးသည်များ အမြောက်အမြား လာရောက်လေ့ရှိသည်။ 

F-01



  • VIA