News

POST TYPE

FOREIGN AFFAIRS

အီရန်ပြည်သူများ ထိခိုက်သေဆုံးကြရမည့်အရေးကြောင့် အီရန်ပစ်မှတ်များကို ချေမှုန်းမည့်အစီအစဉ် ဖျက်သိမ်းပစ်ခဲ့ခြင်းဖြစ်ဟု သမ္မတထရမ့်ပြောကြား
22-Jun-2019

ဝါရှင်တန်၊ ဇွန် ၂၂ 

အမေရိကန်ပြည်ထောင်စု၏ ဒရုန်းလေယာဉ်ကို အီရန်က ပစ်ချခဲ့မှုအပေါ် လက်တုံ့ပြန်သည့်အနေနှင့် အီရန်ပစ်မှတ်များကို ထိုးစစ်ဆင်တိုက်ခိုက်မည့်အစီအစဉ်ကို သဘောတူခွင့်ပြုခဲ့သော်လည်း အီရန်ပြည်သူ ၁၅၀ ခန့် ထိခိုက်သေဆုံးရဖွယ်ရှိသောကြောင့် ယင်းအစီအစဉ်ကို ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုလိုက်သည်။

အမေရိကန်မီဒီယာများ ဖော်ပြချက်အရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင်သည်ပင် အမေရိကန်ဒရုန်း လေယာဉ်ပစ်ချခံရမှုအတွက် အီရန်ကို လက်တုံ့ပြန်ရန် သဘောတူခွင့်ပြုခဲ့သည်။ သို့သော် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်မည့်ကိစ္စကို ပြန်လည်ရုပ်သိမ်းလိုက်သည်ဟုဆိုသည်။

နယူးယောက်တိုင်းမ်သတင်းစာက အိမ်ဖြူတော်မှ အရာရှိများ၏ ပြောဆိုချက်များကို ကိုးကားဖော်ပြရာတွင် အီရန်၏ ရေဒါနှင့် ဒုံးကျည်ဘက်ထရီစနစ်များ အပါအဝင် အခြားပစ်မှတ်များကို ထိုးစစ်ဆင်တိုက်ခိုက်မည့်ကိစ္စမှာ သမ္မတထရမ့်က ခွင့်ပြုချက်ရရှိခဲ့သော်လည်း အစောပိုင်းတွင်ပင် ပျက်ပြယ်သွားခဲ့သည်ဟု ဖော်ပြထားသည်။

အီရန်ပစ်မှတ်များကို လက်တုံ့ပြန်တိုက်ခိုက်မည့်အစီအစဉ်ရုပ်သိမ်းကြောင်း ညွှန်ကြားချက်ရရှိခဲ့ချိန်တွင် တိုက်လေယာဉ်များမှာ လေထုထဲသို့ ရောက်ရှိနေနှင့်ပြီဖြစ်သလို စစ်သင်္ဘောများမှာလည်း ပစ်ခတ်ချေမှုန်းရန် အသင့်အနေအထားတွင်ရှိနေခဲ့သည်ဟု နယူးယောက်တိုင်းမ်က အမည်မဖော်လိုသူ အမေရိကန်အစိုးရအရာရှိတစ်ဦးကို ကိုးကားဖော်ပြသည်။

ဝါရှင်တန်ပို့စ်သတင်းစာ၊  ABC သတင်းဌာန အစရှိသည်တို့ကလည်း အိမ်ဖြူတော်မှ အမည်မဖော်လိုသူအရာရှိကြီးများနှင့် အခြားသတင်းရင်းမြစ်များကိုကိုးကား ဖော်ပြရာတွင် ယင်းကဲ့သို့ပင်ဖြစ်သည်။

အီရန်၏ ပစ်မှတ်များကိုတိုက်ခိုက်ရန် ကြံရွယ်ခဲ့မှုနှင့်ပတ်သက်၍ အိမ်ဖြူတော်က ယခုအချိန်အထိ ထင်မြင်သုံးသပ်ချက်ပေးခြင်းမရှိသေးပေ။

အဆိုပါဖြစ်ရပ်မှာ အီရန်အစ္စလာမ္မစ် အစောင့်တပ် (အီရန်စစ်တပ်) က အီရန်လေပိုင်နက်ထဲသို့ ဝင်လာသော မောင်းသူမဲ့ အမေရိကန် ဒရုန်းလေယာဉ်တစ်စင်းကို ပစ်ချခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

အီရန်စစ်တပ်က ၎င်းတို့သည် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်ဖြင့် အဆိုပါဒရုန်းလေယာဉ်ကို ပစ်ချခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ အဆိုပါတိုက်ခိုက်မှုသည် ဝါရှင်တန်နှင့် တီဟီရန်အကြား ဆက်ဆံရေးတင်းမာနေစဉ် အမေရိကန်ပိုင်ပစ္စည်းတစ်ခုကို အီရန်ဘက်က ပထမဆုံးပစ်ခတ်တိုက်ခိုက်ခြင်းလည်းဖြစ်သည်။

သို့သော် အမေရိကန်အရာရှိကြီးများက အမေရိကန်ဒရုန်းလေယာဉ်သည် ပစ်ချခံရချိန်၌ နိုင်ငံတကာလေပိုင်နက်ထဲတွင် ပျံသန်းနေခြင်းဖြစ်သည်ဟု ယမန်နေ့က ထုတ်ဖော်ပြောကြားသည်။

F-01