News

POST TYPE

FOREIGN AFFAIRS

ကင်ဂျုံအန်းနှင့် ဆက်ဆံရေးမြှင့်တင်ရန် မြောက်ကိုရီးယားသို့ တရုတ်သမ္မတရှီကျင့်ဖျင် သွားရောက်
21-Jun-2019



ဘေဂျင်း-ပြုံယမ်း၊ ဇွန် ၂၀ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရန် တရုတ်သမ္မတရှီကျင့်ဖျင်သည် မြောက်ကိုရီးယားနိုင်ငံသို့ နိုင်ငံတော် ခရီးစဉ်အဖြစ် သွားရောက်လည်ပတ်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

အဆိုပါခရီးစဉ်သည် တရုတ်နိုင်ငံ ခေါင်းဆောင်တစ်ဦးအနေနှင့် ၂၀၀၅ ခုနှစ်နောက်ပိုင်း မြောက်ကိုရီးယားသို့ ပထမဆုံးအကြိမ် သွားရောက်လည်ပတ်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံတွင် လေးကြိမ်တိတိတွေ့ဆုံခဲ့ကြပြီးဖြစ်သည့် သမ္မတရှီကျင့်ဖျင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့သည် နျူကလီးယားအစီအစဉ်နှင့် စီးပွားရေးအရေးကိစ္စများကို တွေ့ဆုံဆွေးနွေးကြဖွယ်ရှိသည်။ 

သမ္မတရှီကျင့်ဖျင်သည် လာမည့် သီတင်းပတ်အတွင်း ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ၌ အမေရိကန်သမ္မတထရမ့်နှင့် တွေ့ဆုံရန်လည်းရှိသည်။ 

တရုတ်နိုင်ငံပိုင် မီဒီယာ၏ ရေးသားချက်အရ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် တရုတ်သမ္မတရှီကျင့်ဖျင်၏ သမိုင်းဝင်ခရီးစဉ်တွင် ခရီးဦးကြိုဆိုခဲ့သည်ဟု ဖော်ပြသည်။

တရုတ်ရော မြောက်ကိုရီးယားနိုင်ငံပါ အမေရိကန်ပြည်ထောင်စုနှင့် ထိပ်တိုက်တွေ့နေသည်ဖြစ်ရာ ယခုခရီးစဉ်သည် ကင်ဂျုံအန်းနှင့် ရှီကျင့်ဖျင်တို့အတွက် ဆွေးနွေးညှိနှိုင်းစရာ အရေးကိစ္စအမြောက် အမြားရှိမည်ဖြစ်သည်ဟု သံတမန်အသိုင်းအဝိုင်းက ခန့်မှန်းပြောဆိုသည်။ 

“တရုတ်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံစလုံး အမေရိကနဲ့ ထိပ်တိုက်ပြဿနာတက်နေကြတာဆိုတော့ သူတို့နှစ်ဦးအတွက် အပြန်အလှန်ဆွေးနွေးစရာ တွေအများကြီး ဖြစ်နေမှာပါ”ဟု ပါကစ္စတန်အခြေစိုက် တရုတ်သံရုံး၏ ဒုတိယအကြီးအကဲက Twitter တွင် ရေးသားဖော်ပြသည်။ 

Xinhua သတင်းဌာန၏ ဖော်ပြချက်တွင် မြောက်ကိုရီးယားခေါင်းဆောင်သည် တရုတ်သမ္မတရှီကျင့်ဖျင်၊ ဇနီးဖြစ်သူ ဖန်လီယွမ်နှင့် တရုတ်အစိုးရအရာရှိကြီးများကို လေဆိပ်တွင်ကြိုဆိုသည်။ 

လေဆိပ်ခန်းမဆောင် အပြင်ဘက်တွင် သမ္မတရှီကျင့်ဖျင်နှင့် ကင်ဂျုံအန်းတို့၏ ဓာတ်ပုံများချိတ်ဆွဲထားသည်ကို ယင်းသတင်းဌာနက ဖော်ပြသည်။ မြောက်ကိုရီးယား ဂုဏ်ပြုတပ်ဖွဲ့က သေနတ်များ ပစ်ဖောက်ကာ တရုတ်သမ္မတရှီကျင့်ဖျင်ကို ဂုဏ်ပြုကြိုဆိုသည်။ 

ပြုံယမ်းမြို့တွင် တရုတ်နိုင်ငံအလံများ ဝှေ့ယမ်းကြိုဆိုနေသည့် မြောက်ကိုရီးယားပြည်သူများကို တွေ့မြင်ရသည်ဟု Xinhua က ဖော်ပြသည်။ 

မြောက်ကိုရီးယားသည် ပြည်ပနိုင်ငံ ခေါင်းဆောင်များလာရောက်လည်ပတ်ရာတွင် ယခင်ခေါင်းဆောင်ဟောင်း နှစ်ဦးဖြစ်သော ကင်အီဆွန်းနှင့် ကင်ဂျုံအီတို့၏ ရုပ်အလောင်းများထားရှိရာ ကွမ်ဆူဆန်နန်းတော် (ဂူဗိမာန်) သို့ ခေါ်ဆောင်လေ့မရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို အဆိုပါနေရာသို့ ထူးထူးခြားခြား ခေါ်ဆောင်သွားသည်ကို တွေ့ရသည်။

F-01