News

POST TYPE

FOREIGN AFFAIRS

ဗြိတိန်ဝန်ကြီးချုပ်လောင်းလျာများ ဘရိတ်ဇစ်အရေး အငြင်းအခုံဖြစ်
18-Jun-2019


လန်ဒန်၊ ဇွန် ၁၇

ဗြိတိန်ဝန်ကြီးချုပ်ရာထူးအတွက် ယှဉ်ပြိုင်အရွေးခံကြမည့် ပြိုင်ဘက်များသည် တနင်္ဂနွေနေ့က ပထမဆုံး ဆွေးနွေးငြင်းခုံပွဲတွင် ဘရိတ်ဇစ် မဟာဗျူဟာအရေးတွင် အချေအတင်ဖြစ်ခဲ့ကြသော်လည်း ရှေ့ဆုံးမှ ဦးဆောင်နေသူ ဘောရစ်ဂျွန်ဆင်က ထိပ်တိုက်တွေ့မှုကို ရှောင်လွှဲသွားခဲ့သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။

ချန်နယ်ဖိုး ရုပ်သံလိုင်း၏ မိနစ်ကိုးဆယ်ကြာ ထုတ်လွှင့်မှုတွင် ဂျွန်ဆင်၏ နေရာမှာ လွတ်နေခဲ့ပြီး ကျန်ပြိုင်ဘက်ငါးဦး ပါဝင်ခဲ့ကြသည်။

၎င်းတို့ငါးဦးအနက် လေးဦးက လက်ရှိ ဘရိတ်ဇစ်စာချုပ်မူကြမ်းအား ပြန်ပြင်ရေးကို အီးယူဘက်က အကြိမ်ကြိမ် ငြင်းဆန်နေသည့်တိုင်အောင် ပြန်လည်ညှိနှိုင်းလိုသည်ဟု သဘောထားပေးခဲ့ကြသည်။

ငါးဦးမြောက်ဖြစ်သူ နိုင်ငံတကာ ဖွံ့ဖြိုးရေးဝန်ကြီး ရိုရီစတီးဝပ်ကမူ ပါလီမန်က သုံးကြိမ်ပယ်ချခဲ့သည့် လက်ရှိမူကြမ်းကိုပင် ဆက်လက်လုပ်ဆောင်လိုသည်ဟု ပြောကြားသည်။

ပြိုင်ဘက်များထဲတွင် ထောက်ခံမဲ အနည်းဆုံးရရှိထားသူ ရိုရီစတီးဝပ်က အခြားသူများအား ၎င်းတို့၏ ဘရိတ်ဇစ် အစီအစဉ်များကို ချပြရန် စိန်ခေါ်လိုက်ပြီး လက်ရုံးအားကိုးသူများဟု စွပ်စွဲခဲ့ရာ ရုပ်သံစတူဒီယိုအတွင်းရှိ ပရိသတ်များထံမှ လက်ခုပ်သံများကို ရရှိခဲ့သည်။

၂၀၁၆ ဆန္ဒခံယူပွဲတွင် အီးယူ၌ ဆက်နေရေးကို ထောက်ခံခဲ့သူ နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီဟန့်ကမူ ယခုအခါ ဘရိတ်ဇစ်ကို ထောက်ခံလျက်ရှိပြီး သဘောထား ပျော့ပျောင်းမှုကို ဆုပ်ကိုင်ထားသည်။

စတီးဝပ်မှလွဲ၍ ကျန်ပြိုင်ဘက်လေးဦးက နောက်ဆုံးသတ်မှတ်ရက်ဖြစ်သော အောက်တိုဘာ ၃၁ ရက်တွင် နုတ်ထွက် စာချုပ်မပါဘဲ အီးယူမှထွက်ရန် ဦးဆောင်လိုသည်ဟု ပြောဆိုကြသည်။

စကားရည်လုပွဲသို့ ရောက်မလာသော ဂျွန်ဆင်ကလည်း စာချုပ်ပါသည် ဖြစ်စေ၊ မပါသည်ဖြစ်စေ အောက်တိုဘာ ၃၁ ရက်တွင် ထွက်ကိုထွက်ရမည်ဟု ဆိုထားသည်။

စတီးဝပ်ကမူ စာချုပ်မပါသော ဘရိတ်ဇစ်သည် ထိခိုက်နစ်နာမှု ကြီးမားလိမ့်မည်ဟု သတိပေးသည်။

ဘရပ်ဆယ်အပေါ် အလျှော့ပေးမှုကြောင့် ရာထူးမှနုတ်ထွက်ခဲ့သူ ဘရိတ်ဇစ်ရေးရာ ဝန်ကြီးဟောင်း ဒိုမိနစ်ရပ်ဘ်သည် စာချုပ်မပါဘဲ ထွက်ခြင်းအပေါ် အမတ်များ ပိတ်ဆို့နေမှုကို တားဆီးရန် လိုအပ်ပါက ပါလီမန်ကို ယာယီဆိုင်းငံ့ထားရေးအထိ စဉ်းစားထားသူဖြစ်သည်။

ပတ်ဝန်းကျင်ရေးရာဝန်ကြီး မိုက်ကယ်ဂုဖ်က ဘရိတ်ဇစ်ကိစ္စတွင် ပါလီမန်ကိုကျော်၍ မလုပ်လိုဟု မှတ်ချက်ပေးသည်။

ပြည်ထဲရေးဝန်ကြီး ဆာဂျစ်ဂျာဗစ်ကလည်း ဒီမိုကရေစီကို ချောင်ထိုးထားခြင်းဖြင့် ဒီမိုကရေစီကို ကျင့်သုံး၍ မရကြောင်း ဝေဖန်သည်။

ရုပ်သံတင်ဆက်သူက မဲဆွယ်မှုများအတွင်း ထွက်ပေါ်လာသည့် ဂုဖ်၏ ကိုကင်း သုံးစွဲမှုကိစ္စ၊ ရပ်ဘ်၏ “မ” ဝါဒအပေါ် ပြစ်တင်မှုများနှင့် စတီးဝပ်၏ အကြိမ်ကြိမ် စိတ်ပြောင်းမှုကိစ္စများကိုလည်း ထုတ်ဖော်ကာ စိန်ခေါ်ဆွေးနွေးခဲ့သည်။

ထိပ်ဆုံးမှ ဂျွန်ဆင်မှာမူ အင်တာဗျူးနှင့် လူအများရှေ့ထွက်မှု အနည်းငယ်သာ ရှိခဲ့ခြင်းအပေါ် ပြိုင်ဘက်များ၏ ဝေဖန်ထိုးနှက်မှုကို ခံခဲ့ရသည်။

ဂျွန်ဆင်က တိုရီအချင်းချင်း (ကွန်ဆာဗေးတစ်ပါတီဝင် အချင်းချင်း) အရည်မရ အဖတ်မရ ငြင်းခုံနေမှုသည် ဆန့်ကျင်ဘက်ရလဒ်ကိုသာ ထွက်ပေါ်စေလိမ့်မည်ဟု အကြောင်းပြကာ စကားရည်လု ဆွေးနွေးပွဲကို ရှောင်လွှဲခဲ့သည်။  

F-04


  • VIA