News

POST TYPE

FOREIGN AFFAIRS

ဖမ်းဆီးခံ ကျောင်းသားခေါင်းဆောင် ဂျော်ရှုဝါ ပြန်လည်လွတ်မြောက်၊ ဆန္ဒပြအင်အားစုကြီးနှင့် ပူးပေါင်းမည်ဟု ကြေညာ
18-Jun-2019


ဟောင်ကောင်-ဘေဂျင်း၊ ဇွန် ၁၇

ဟောင်ကောင်၏ မျက်နှာဖုံးဟု နိုင်ငံရေးသမားများနှင့် မီဒီယာများ၏ ဖော်ပြခြင်းခံရသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကျောင်းသားခေါင်းဆောင် ဂျော်ရှုဝါသည် တနင်္လာနေ့တွင် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက် လတ်တလော ဟောင်ကောင်တွင်ဖြစ်ပေါ်နေသော ဆန္ဒပြလှုပ်ရှားမှုကြီးနှင့် ပူးပေါင်းသွားမည်ဖြစ်သည်ဟု ကတိပြုပြောဆိုလိုက်သည်။ 



ဟောင်ကောင်တွင် တနင်္ဂနွေနေ့က ပြည်သူ ၂ သန်းခန့်က လမ်းမများကိုပိတ်ဆို့ကာ အငြင်းပွားဖွယ် တရားခံလွှဲပြောင်းပေးရေးဆိုင်ရာ ဥပဒေမူကြမ်းဖျက်သိမ်းရေးအတွက် ဆန္ဒပြမှုကြီး ပေါ်ပေါက်ခဲ့သည်။

ကာရီလမ်က ယခုလို ဟောင်ကောင်တွင် ပဋိပက္ခသဘောမျိုး ဖြစ်ပေါ်နေခြင်းအတွက် ပြည်သူများကို တောင်းပန်သည်ဟု ဆိုသော်လည်း ရာထူးမှဖယ်ရှားပေးရန် ဖိအားပေး တောင်းဆိုထားကြသည့်ကိစ္စကို လက်မခံပေ။ 

တနင်္ဂနွေနေ့ ဟောင်ကောင်တွင် လူ ၂ သန်းခန့် အင်အားအလုံးအရင်းဖြင့် မကျေမနပ်ဖြစ်ကာ ဆန္ဒပြခဲ့ကြသည့် အဓိကဦးတည်ချက်ထဲတွင် ဥပဒေကြမ်း ကိစ္စသာမက ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ် ရာထူးမှနုတ်ထွက်ပေးရေးလည်း ပါဝင်သည်။ 

အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ကျောင်းသားခေါင်းဆောင် ဂျော်ရှုဝါက “မကောင်းဆိုးဝါးဥပဒေ ဖျက်သိမ်းရေး တိုက်ပွဲကြီးမှာ ကျွန်တော် ပူးပေါင်းပါဝင်သွားမှာပါ”ဟု ပြောကြားသွားသည်။ “ယခုအချိန်ဟာ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကာရီလမ်အနေနဲ့ ရာထူးက နုတ်ထွက်ပေးရမယ့်အချိန်ဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”ဟု ဂျော်ရှုဝါက ဆက်လက်ပြောကြားသည်။ 

ယမန်နေ့ ဆန္ဒပြပွဲတွင် အနက်ရောင် လူပင်လယ်ကြီး (တီရှပ်အနက်များ ဝတ်ဆင်ထားသည်) က ဟောင်ကောင်၏ အထင်ကရ လမ်းမကြီးများကို ဖြတ်ကာ ပါလီမန်ရှိရာသို့ ချီတက်လမ်းလျှောက်ခဲ့ကြသည်။ 

ဆန္ဒပြသူအရေအတွက် အတိအကျကို ခန့်မှန်းရန်ခက်ခဲပြီး ၂ သန်းခန့်ဟု ဆိုကြသည်။ သို့သော် ဟောင်ကောင်သမိုင်းကြောင်းတွင် လူထုအင်အားအများဆုံး ပါဝင်သည့် ဆန္ဒပြပွဲအဖြစ်သတ်မှတ်၍ရကြောင်း မီဒီယာများက ဖော်ပြကြသည်။ 

အတိတ်ကာလက ဟောင်ကောင်တွင် အကြီးမားဆုံးသော ဆန္ဒပြပွဲမှာ ၁၉၈၉ ခုနှစ်အတွင်းက ပေါ်ပေါက်ခဲ့ပြီး ထိုစဉ်က တရုတ်ပြည်မကြီးတွင် ဖြစ်ပေါ်နေသော တိန်ယန်မင်ရင်ပြင်ဆန္ဒပြမှုကြီးကို ပံ့ပိုးသည့်အနေနှင့် ဟောင်ကောင်ပြည်သူများ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ဟောင်ကောင်ဆန္ဒပြပွဲတွင် လူ ၁ ဒသမ ၅ သန်းခန့် ပါဝင်ခဲ့သည်ဟု သိရသည်။ 

ယခုတနင်္ဂနွေဆန္ဒပြပွဲနှင့် ပတ်သက်၍ ဟောင်ကောင်ရဲတပ်ဖွဲ့က လူဦးရေအများဆုံး ၃၃၈,၀၀၀ ခန့်အထိသာ ပါဝင်ခဲ့ကြောင်း အရေအတွက်ကို လျှော့ချပြောဆိုသည်။ 

တနင်္လာနေ့ (ဇွန် ၁၇) နံနက်ပိုင်းတွင်မူ ပါလီမန်အနီးရှိ ပင်မဟိုင်းဝေးလမ်းမကြီးများကို သိမ်းပိုက်နေရာယူထားသော အစိုးရဆန့်ကျင်ရေး အင်အားစုများက ဆန္ဒပြမှုကို ရပ်ဆိုင်းပေးခဲ့ပြီး မော်တော်ယာဉ်များလည်း သွားလာခွင့်ပေးခဲ့သည်ဟု AFP သတင်းထောက်က ယင်းနေရာမှ တိုက်ရိုက်သတင်းပေးပို့သည်။ 

F-01



  • VIA