News

POST TYPE

FOREIGN AFFAIRS

အာဖဂန် ရုပ်သံတင်ဆက်သူ မီနာမန်ဂယ် လုပ်ကြံသတ်ဖြတ်ခံရမှုကို ဝိုင်းဝန်းပြစ်တင်ရှုတ်ချ
14-May-2019

ကာဘူးလ်၊ မေ ၁၃

အာဖဂန်နစ္စတန်တွင် ထင်ရှားသော သတင်းထောက်နှင့် နိုင်ငံရေးအကြံပေး မီနာမန်ဂယ်မှာ နေ့ခင်းကြောင်တောင် အသတ်ခံခဲ့ရပြီးနောက် အာဖဂန်နိုင်ငံရေးသမားများနှင့် အမျိုးသမီးအရေး လှုပ်ရှားသူများက တရားမျှတမှုရရှိရေးကို ဝိုင်းဝန်းတောင်းဆိုနေကြသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

နိုင်ငံရေးသမားမဖြစ်မီ ရုပ်သံတင်ဆက်သူတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ မီနာမန်ဂယ်သည် စနေနေ့က ကာဘူးလ်မြို့တွင် အနီးကပ် ပစ်သတ်ခြင်းခံခဲ့ရသည်။

ပါတီအမှုဆောင်ဥက္ကဋ္ဌ အဗ္ဗဒူလာက သူမအား သတ်ဖြတ်သွားသူများကို ဖမ်းမိရမည်ဟု ပြောကြားသည်။

လူသတ်မှုကို ရဲက စုံစမ်းနေဆဲဖြစ်ပြီး သူမ အသတ်ခံရမှု နောက်ကွယ်တွင် မည်သူက ကြိုးကိုင်သည်ကို သဲကွဲစွာ မသိရသေးပေ။

အာဖဂန်လွှတ်တော် ယဉ်ကျေးမှုရေးရာ ကော်မရှင်တွင် အကြံပေးအဖြစ် လုပ်ကိုင်နေသူ မီနာမန်ဂယ်သည် စနေနေ့က အလုပ်သို့အသွား နံနက် ၇ နာရီ မိနစ်၂၀ အချိန်ခန့်တွင် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အမျိုးသမီးများ အကြမ်းဖက်ခံရမှုဆိုင်ရာ ကော်မရှင် အပါအဝင် အရပ်ဘက် သင်းပင်းအဖွဲ့များနှင့် အာဖဂန်ဗဟိုတရားရုံးတို့က သူမအသတ်ခံရမှုကို ဖိဖိစီးစီး စုံစမ်းစစ်ဆေးရန် တောင်းဆိုထားသည်။

မီနာမန်ဂယ် အသတ်ခံရပြီးနောက် အာဖဂန်နစ္စတန်တွင် အမျိုးသမီးများ အကြမ်းဖက်ခံရမှု အတိုင်းအတာ ကြီးမားလာသည့်အရေးကို လူမှုမီဒီယာများတွင် ဝိုင်းဝန်းဆွေးနွေးနေကြသည်။

သူမအသတ်ခံရမှုနှင့်ပတ်သက်၍ အာဖဂန်နစ္စတန်တွင် အမျိုးသမီးများအပေါ်တွင် ကျူးလွန်သည့် လူသိအများဆုံး  ရာဇဝတ်မှုများသည် ကာဘူးလ်မြို့တော်၏ ဘေးကင်းဇုန်တွင် နေ့ခင်းအချိန်များ၌ ဖြစ်ပွားခဲ့သည်ဟု အချို့က ထောက်ပြကြသည်။

“အမျိုးသမီးတစ်ယောက် နေ့ခင်းကြောင်တောင် အသတ်ခံရတာဟာ သူမကိုသတ်ဖို့ ထိုက်တန်တယ်လို့ အမျိုးသားတွေက ယူဆခံရလို့ ဖြစ်ပါတယ်”ဟု ဝါဇမာဖရော့ဆိုသူက လူမှုမီဒီယာတွင် မှတ်ချက်ပေးထားသည်။

ကျား၊ မ ခွဲခြား အကြမ်းဖက်မှုများသည် တာလီဘန်တို့ ကြီးစိုးသည့်နယ်မြေများတွင် အဖြစ်များသည်ဟု လူ့အခွင့်အရေး အုပ်စုများ၏ မှတ်တမ်းပြုစုမှုများအရ သိရှိရသည်။

အာဖဂန်နစ္စတန်သည် ၂၀၁၈ တွင် သတင်းထောက်များ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်သည်ဟု နယ်စည်းမထား သတင်းထောက်များအသင်းက အဆင့် သတ်မှတ်ချက် ထုတ်ပြန်ထားသည်။

F-02