News

POST TYPE

FOREIGN AFFAIRS

အပစ်ရပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ ထိပ်သီး အစည်းအဝေးပြုလုပ်မည်
14-May-2019
ရန်ကုန်၊ မေ ၁၃

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA)  လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များပါဝင်မည့် အစည်းအဝေးတစ်ရပ်ကို ယနေ့ (မေလ ၁၄ ရက်)မှစတင်ကာ  ပြုလုပ်မည်ဖြစ်ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။ 

ယင်းထိပ်သီး အစည်းအဝေးကို မေလ ၁၄ ရက်မှ ၁၈ ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ထိပ်သီးခေါင်းဆောင်များ စုံလင်စွာ တက်ရောက်မည်ဖြစ်ကြောင်းလည်း သိရသည်။

အစည်းအဝေးတွင် အဓိကအားဖြင့် အပစ်ရပ်လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အမြန်ဆုံး ပြန်လည်ပါဝင်လာရေး၊ တရားဝင် နိုင်ငံရေးဆွေးနွေးပွဲများ ပြန်လည် စတင်နိုင်ရေး အပါအဝင် NCA စာချုပ်တွင် အကောင်အထည် မဖော်နိုင်သေးသည့် တစ်ဆို့နေသည့် အကြောင်းအရာများ ဖြေရှင်းနိုင်ရေးတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

NCA စာချုပ်၏ ကတိကဝတ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အခက်အခဲ ဖြစ်နေသည့်အချက်များကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေနှင့် အပြောင်းအလဲ ပြုလုပ်နိုင်မည့်အချက်များ၊ ကျော်လွှားနိုင်မည့်အချက်များကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီး အစည်းအဝေးကို ပြီးခဲ့သည့် မတ်လဆန်းပိုင်းက နောက်ဆုံး ကျင်းပထားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA ကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် (PNLO)၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုတပ်မတော်(DKBA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ (KNLA/PC)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) အဖွဲ့များ လက်မှတ်ရေးထိုးထားသည်။

J-08