POST TYPE

FOREIGN AFFAIRS

ပါကစ္စတန် ဘလူချစ်စတန်တွင် ကြယ်ငါးပွင့်ဟိုတယ်ကို သေနတ်သမားများက တိုက်ခိုက်
13-May-2019


အစ္စလာမ္မာဘတ်၊ မေ ၁၂

ပါကစ္စတန်နိုင်ငံ ဘလူချစ်စတန် ပြည်နယ်တွင် ကြယ်ငါးပွင့် ဟိုတယ်တစ်ခုကို ဝင်ရောက်တိုက်ခိုက်ကာ အစောင့်တစ်ဦးကို သတ်ဖြတ်ခဲ့သော သေနတ်သမားများအား လုံခြုံရေးတပ်ဖွဲ့များက ပစ်သတ် လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ဂွါဒါဆိပ်ကမ်းမြို့ရှိ ဇေဗာပါးလ် ကွန်တီနင်တယ်ဟိုတယ်ကို ပစ်မှတ်ထားသော တိုက်ခိုက်မှုသည် နာရီပေါင်းများစွာ ကြာမြင့်ခဲ့သည်။

ရာမာဒမ်ဥပုသ်ရက် ဖြစ်သောကြောင့် ဟိုတယ်တွင် ဧည့်သည်မရှိဘဲ ဝန်ထမ်းအနည်းငယ်သာရှိသည်ဟု ဟိုတယ်က ပြောကြားသည်။ 

ခွဲထွက်ရေးသူပုန် ဘလူချစ်စတန် လွတ်မြောက်ရေးတပ်မတော်က တိုက်ခိုက်မှုသည် ၎င်းတို့၏လက်ချက်ဖြစ်သည်ဟု ထုတ်ဖော်ကြေညာသည်။

တရုတ်နှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ပစ်မှတ်ထားသည့်အနေနှင့် တရုတ်တို့ ဒေါ်လာဘီလီယံများစွာ ရင်းနှီးမြှုပ်နှံနေသည့် ဟိုတယ်စီမံကိန်းကို ရွေးချယ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ခွဲထွက်ရေးသူပုန်တို့က ပြောကြားသည်။

ဘလူချစ်စတန်မှ စစ်သွေးကြွများက တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ဆန့်ကျင်ကြပြီး ဒေသခံများအတွက် အနည်းငယ်သာ အကျိုးရှိစေသည်ဟု ထောက်ပြကြသည်။

အစိုးရအရာရှိများနှင့် နိုင်ငံခြားသား ဧည့်သည်များအကြား ရေပန်းစားနေသော ဟိုတယ်ကို သေနတ်သမားများက ညနေ ၄း၅၀ အချိန်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဝင်ဝတွင် တားဆီးရန် ကြိုးစားခဲ့သော လုံခြုံရေးအစောင့်ကို ပစ်သတ်ခဲ့ကြသည်။

လုံခြုံရေးတပ်ဖွဲ့များက ဟိုတယ်အတွင်းသို့ ဝင်ရောက်ကာ စစ်သွေးကြွများနှင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးနောက် စစ်သွေးကြွများကို ခေါင်မိုးတပ်သို့ တက်သောလှေကားအိမ်တွင် ချောင်ပိတ်ကာ ချေမှုန်းခဲ့ကြသည်။

ရာမာဒန်ဥပုတ်လ ဖြစ်သောကြောင့် ဧည့်သည်မရှိဟု ဟိုတယ်ကပြောဆိုသော်လည်း အစောပိုင်း သတင်းများတွင် ဧည့်သည်များကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။

ဟိုတယ်သည် အာရေဗျပင်လယ် ကမ်းခြေ ဂွါဒါဆိပ်ကမ်းကို အပေါ်စီးမှ မြင်တွေ့ရသော တောင်ကုန်းပေါ်တွင်တည်ရှိပြီး တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံလမ်း စီမံကိန်းအရ တရုတ်နိုင်ငံက အကောင်အထည်ဖော်နေသော ဟိုတယ်စီမံကိန်းဖြစ်သည်။

ဘလူချစ်စတန်ပြည်နယ်တွင် စစ်သားများ အပါအဝင် လူ ၁၄ ဦးကို စစ်သွေးကြွများက သတ်ဖြတ်ခဲ့ပြီးနောက် သီတင်းပတ် အနည်းငယ်အတွင်း ဖြစ်ပွားခဲ့သော ယခု အကြမ်းဖက်မှုကို ပါကစ္စတန်ဆိုင်ရာ တရုတ်သံရုံးက ပြစ်တင်ရှုတ်ချခဲ့သည်။

F-04