POST TYPE

FOREIGN AFFAIRS

တူရကီအစ္စတန်ဘူးလ်ရွေးကောက်ပွဲ ပြန်လည်ကျင်းပ အနိုင်ရထားသော အတိုက်အခံများ ဒေါသထွက်
07-May-2019

turkey
အစ္စတန်ဘူးလ်၊ မေ ၇

တူရကီ ရွေးကောက်ပွဲကော်မရှင်သည် မတ်လက အတိုက်အခံများ အနိုင်ရထားသော အစ္စတန်ဘူးလ်ဒေသန္တရ ရွေးကောက်ပွဲများကို ပြန်လည်ကျင်းပရန် ညွှန်ကြားခဲ့သောကြောင့် ပြစ်တင်ဝေဖန်ခြင်းခံနေရသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

အတိုက်အခံ CHP ပါတီနှာတစ်ဖျား အသာဖြင့် အနိုင်ရသွားခဲ့မှုနောက်ကွယ်တွင် မူမမှန်မှုများနှင့် အဂတိလိုက်စားမှုများ ရှိသည်ဟု သမ္မတအာဒိုဂန်၏အာဏာရ အေကေပါတီက စွပ်စွဲတိုင်ကြားခဲ့ခြင်းဖြစ်သည်။

ဧပြီလက ရလဒ်များ ထုတ်ပြန်မှုအရ အစ္စတန်ဘူးလ်မြို့တော်ဝန်ဖြစ်လာရန် သေချာနေသူ CHP ပါတီမှ အက်ခရမ် အီမာမိုဂလူးက ကော်မရှင်၏ဆုံးဖြတ်ချက်သည် သစ္စာချိုးပေါက်ခြင်းဖြစ်သည်ဟု ဝေဖန်ပြောဆိုလိုက်သည်။

ဇွန်လ ၂၃ ရက်တွင် မဲပေးပွဲပြန်လည် ပြုလုပ်မည့် ဆုံးဖြတ်ချက်ကြောင့် မြို့တော်အတွင်း ဆန္ဒပြမှုများ ထွက်ပေါ်လာခဲ့သည်။ အစ္စတန်ဘူးလ် အနှံ့အပြားရှိ မြို့သူမြို့သားများက ဒယ်အိုး၊ ဒန်အိုးများကိုတီးကာ အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေး၍ ဆန္ဒပြခဲ့ကြသည်။

ရွေးကောက်ပွဲ မနိုင်သောကြောင့် ပြန်ကျင်းပမည့် ဆုံးဖြတ်ချက်သည် တူရကီတွင် ဒီမိုကရေစီ ရွေးကောက်ပွဲများ၏ ယုံကြည်စိတ်ချရမှုကို ဆုံးခန်းတိုင်သွားစေလိမ့်မည်ဟု ဥရောပပါလီမန်က သတိပေးထားသည်။

ရွေးကောက်ပွဲကော်မရှင်က အေကေပါတီကိုယ်စားလှယ်က ရွေးကောက်ပွဲတာဝန်ရှိသူအချို့မှာ အစိုးရဝန်ထမ်း မဟုတ်သောအချက်နှင့် အချို့မဲပြားများ၌ လက်မှတ်ထိုးမထားသော အချက်တို့ကြောင့် ပြန်လည် ကျင်းပရခြင်းဖြစ်သည်ဟု ကာကွယ်ပြောဆိုသည်။

CHP ပါတီဒုတိယဥက္ကဋ္ဌအွန်နူ ဆယ် အက်ဒစ်ဂူဇယ်က ရွေးကောက်ပွဲ ပြန်ကျင်းပခြင်းသည် အေကေပါတီကို အနိုင်ရလျှင် တရားမဝင် သတ်မှတ်ခြင်းကို ညွှန်ပြနေကြောင်းနှင့် ပြောင်ကျလွန်းသော အာဏာရှင်ဆန်မှုဖြစ်ကြောင်း ဝေဖန်ပြောဆိုလိုက်သည်။

“ပြည်သူ့ဆန္ဒကို ကျော်လွန်လုပ်ဆောင်တဲ့စနစ်ဟာ ဒီမိုကရေစီနည်းမကျတဲ့အပြင် ဘောင်ဝင်မှုလည်း မရှိပါဘူး”ဟု ၎င်းက Twitter တွင် ဝေဖန်လိုက်သည်။

“ကျွန်တော်တို့ကတော့ ကျွန်တော်တို့ရဲ့မူကို လုံးဝ အပွန်းမခံပါဘူး။ ဒီတိုင်းပြည်မှာ ဒီမိုကရေစီအတွက် နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားမယ့် ပြည်သူ ၈၂ သန်းရှိပါတယ်”ဟု အက်ဒီဂူဇယ်က ပြောကြားသည်။

တူရကီ၏ ဒေသန္တရအုပ်ချုပ်ရေး မြူနီစီပယ် ရွေးကောက်ပွဲများကို မတ်လ ၃၁ ရက်က တစ်နိုင်ငံလုံးတွင်ကျင်းပခဲ့ပြီး စီးပွားရေး ကျဆင်းနေသော တူရကီနိုင်ငံတွင် အာဒိုဂန်၏ ဦးဆောင်မှုကို သဘောထား မှတ်ချက်ပေးသည့်ပွဲများအဖြစ် အများက ရှုမြင်ကြသည်။

“အစ္စတန်ဘူးလ်မှာအနိုင်ရတဲ့သူက တူရကီကို ရတာနဲ့ အတူတူပါပဲ”ဟု မကြာခဏ ပြောဆိုလေ့ရှိသူ သမ္မတအာဒိုဂန်သည် အစ္စတန်ဘူးလ်ရှုံးပွဲကို လက်ခံမည့်ပုံမရှိပေ။ 

F-04