News

POST TYPE

FOREIGN AFFAIRS

ဆိုင်ကလုန်းဖန်နီကြောင့် ဘင်္ဂလားဒေ့ရှ်တွင် အိမ်ခြေ ၁၀၀၀ ကျော် ပျက်စီး
07-May-2019



ဒက္ကား၊ မေ ၆

ဆိုင်ကလုန်းဖန်နီသည် အိန္ဒိယနိုင်ငံမှ မြောက်ဘက်သို့ရွေ့လျားကာ အင်အားပျော့သွားသည့်တိုင်အောင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အပျက်အစီးများစွာကို ဖြစ်ပေါ်စေခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မုန်တိုင်းကြောင့် အိမ်ခြေ ၁၀၀၀ ကျော် ပျက်စီး သွားခဲ့ပြီး ကျေးရွာများ ရွာလုံးကျွတ် ရေမြုပ်သွားခဲ့သည်။ အနည်းဆုံး ၆ ဦး သေဆုံးခဲ့ပြီး ၆၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။



ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူပေါင်း တစ်သန်းခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ကယ်ထုတ်နိုင်ခဲ့ခြင်းကြောင့် ကြီးမားသော သဘာဝဘေးအန္တရာယ်အပေါ် စိုးရိမ်ရမှုများ လွန်မြောက်သွားခဲ့ပြီဟု မိုးလေဝသဌာနက ပြောကြားသည်။

ဆိုင်ကလုန်းဖန်နီသည် အိန္ဒိယနိုင်ငံတွင် ကုန်းတွင်းဝင်ရောက်ခဲ့ပြီးနောက် အရှေ့မြောက်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရွေ့လျားလာကာ အင်အားပျော့ သွားသည့်တိုင်အောင် အနိမ့်ပိုင်းရှိ ကျေးရွာများစွာကို ရေမြုပ်သွားစေနိုင်လောက်သော အင်အားရှိနေဆဲဖြစ်သည်။

အားပျော့သွားသည့် ဖန်နီ၏ လေတိုက်နှုန်းသည် တစ်နာရီလျှင် ၇၀ ကီလိုမီတာခန့် ရှိနေဆဲဟု သိရှိရသည်။

နွတ်ခါလီခရိုင်တွင် နေအိမ်များစွာ ပျက်စီးသွားခဲ့ပြီး ၁၂ နှစ်အရွယ်နှင့် ၂ နှစ်အရွယ် ကလေးနှစ်ဦးသေဆုံးကာ လူပေါင်း ၃၀ ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ကဲ့သို့ပင် အိန္ဒိယနိုင်ငံတွင်လည်း လူပေါင်းတစ်သန်းခန့်ကို မုန်တိုင်းဘေးလွတ်ရာသို့ ရွှေ့ပြောင်း ကယ်ဆယ်ခဲ့ရသည်။ 

သောကြာနေ့က အိန္ဒိယနိုင်ငံကမ်းခြေသို့ ဖန်နီဝင်ရောက်မွှေနှောက်ခဲ့စဉ် အနည်းဆုံး ၁၆ ဦး သေဆုံးခဲ့သည်ဟု သတင်းများကဆိုသော်လည်း သေဆုံးသူ အရေအတွက် ပိုများလာနိုင်သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

၁၉၉၉ ခုနှစ်က ဘင်္ဂလားပင်လယ်အော်မှ အင်အားပြင်း အဆင့်လွန် ဆူပါ ဆိုင်ကလုန်းမုန်တိုင်း အော်ရစ္စကမ်းခြေသို့ နာရီပေါင်းသုံးဆယ် ဝင်ရောက်မွှေနှောက်ခဲ့ရာ လူပေါင်း ၁၀ယဝ၀၀ ခန့် အသက် ဆုံးရှုံးခဲ့ရသည်။

ထို့နောက်ပိုင်းတွင် မုန်တိုင်းအန္တရာယ် သတိပေးစနစ်များ တိုးတက်ကောင်းမွန်လာခဲ့ပြီး အာဏာပိုင်များအနေနှင့် ပြည်သူများကို ကယ်ဆယ်ရန် ပိုမိုအချိန်ရလာခဲ့ကြသည်။ ယခုအချီ လူပေါင်းတစ်သန်းခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကယ်ထုတ်မှုသည် သမိုင်းတစ်လျှောက် အရေအတွက်အများဆုံး ကယ်ဆယ်မှုဖြစ်သည်ဟု အော်ရစ္စဝန်ကြီးချုပ်က ပြောကြားသည်။ 

F-04