POST TYPE

FOREIGN AFFAIRS

လိင်တူချစ်မှုရေးရာကို အတင်းအကျပ် သေဒဏ်ပေးမည်မဟုတ်ဟု ဘရူနိုင်းဘုရင် ပြောကြား
06-May-2019


ဘရူနိုင်း၊ မေ ၆

ဘရူနိုင်းနိုင်ငံသည် လိင်တူချစ်မှုရေးရာကို ကျောက်ခဲဖြင့် ပစ်ပေါက်သေဒဏ်ပေးမည့် ယခင်လက ပြဋ္ဌာန်းခဲ့သည့်ဥပဒေကို ပြင်ဆင်ရန် ကြိုးစားနေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ဘုရင်ဆူလ်တန်ဘိုကီးယားက အဆိုပါ သေဒဏ်အား ဆိုင်းငံ့မှုကာလကို တနင်္ဂနွေနေ့က သက်တမ်းတိုးပေးခဲ့သည်။

ဘရူနိုင်း၏ အငြင်းပွားဖွယ် လိင်တူ ရေးရာသေဒဏ်ဥပဒေအပေါ် တစ်ကမ္ဘာလုံး တွင် သပိတ်မှောက်ကန့်ကွက်မှုများ၊ ပြစ်တင်ရှုတ်ချမှုများ ပေါ်ထွက်လာခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်လည်သုံးသပ်နေခြင်းဖြစ်သည်။

ဘရူနိုင်းသည် အစ္စလာမ် ရှာရီယာ ဥပဒေပုံစံသစ်တစ်မျိုးကို ယခင်လက ချပြခဲ့သည်။

ဘုရင်ဘိုကီးယား၏ မိန့်ခွန်းတွင် လိင်တူချစ်သူများအား သေဒဏ်စီရင်ရေးကို ဆိုင်းငံ့ပေးထားသော်လည်း ၎င်း၏ ရှာရီယာဥပဒေသစ်ကို ကာကွယ်ပြောဆိုသွားသည်။

ဓနသဟာယအဖွဲ့၏ အတွင်းရေးမှူးချုပ် ပက်ထရစ်ရှာ စကော့တလန်က သေဒဏ်ကို ဘုရင်ကဖယ်ရှားပေးမှုကြောင့် ဝမ်းမြောက်သည်ဟု ပြောကြားသည်။

ဘရူနိုင်းတွင် လိင်တူချစ်ခြင်းကိစ္စသည် ယခင်ကတည်းက ဥပဒေနှင့်မညီဘဲ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရနိုင်သည်။ ဘရူနိုင်း လူဦးရေ ၄၂၀,ဝ၀၀ အနက် သုံးပုံနှစ်ပုံမှာ မွတ်ဆလင်များ ဖြစ်ကြသည်။

အာဆီယံအဖွဲ့ဝင် ဘရူနိုင်းနိုင်ငံတွင် ရှာရီယာဥပဒေကို ၂၀၁၄ တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ရှာရီယာဥပဒေနှင့် ထုံးတမ်းဥပဒေနှစ်မျိုးကို ရောနှောကျင့်သုံးလျက်ရှိသည်။

ဘရူနိုင်း ထုံးတမ်းဥပဒေတွင် ရာဇဝတ်မှုများကို ထောင်ဒဏ်နှင့် ငွေဒဏ် ချမှတ်နိုင်ပြီး ဧပြီလ ၃ ရက်က ပြဋ္ဌာန်းလိုက်သော ရှာရီယာဥပဒေသစ်အရ ခြေလက်ဖြတ်တောက်ခြင်းနှင့် ကျောက်ခဲဖြင့်ပစ်ပေါက်ခြင်းပြစ်ဒဏ်များ ပါဝင်လာခဲ့ခြင်းဖြစ်သည်။

ထိုဥပဒေသစ်ကြောင့် နိုင်ငံတကာ၏ ကန့်ကွက်မှုများ ထွက်ပေါ်လာခဲ့ပြီး ဘရူနိုင်းနိုင်ငံမှာ ကမ္ဘာတွင် အာရုံစိုက်စရာတစ်ခု ဖြစ်လာခဲ့သည်။

၁၉၄၈ ခုနှစ်က နိုင်ငံတကာတွင် စတင်သတ်မှတ်ထားပြီး ဘရူနိုင်းက ၂၀၀၆ တွင် လက်မှတ်ထိုးခဲ့သော လူ့အခွင့်အရေး စံနှုန်းများကို ဘရူနိုင်းရှာရီယာဥပဒေက ချိုးဖောက်နေသည်ဟု ထိုဥပဒေ စတင် အကျုံးမဝင်မီတွင် ကုလသမဂ္ဂက သတိပေးပြောကြားခဲ့သည်။

ဂျော့ကလူနီနှင့် အယ်လ်တန်ဂျွန် အပါအဝင် ကမ္ဘာကျော်ဆယ်လီများကလည်း ဘရူနိုင်းနှင့် ဆက်နွှယ်မှုရှိသော ဇိမ်ခံဟိုတယ်များကို သပိတ်မှောက်ခဲ့ကြသည်။

ဘရူနိုင်းရှိ လိင်တူချစ်သူ အသိုင်းအဝိုင်းကလည်း ရက်စက်ပြင်းထန်လွန်းသော ပြစ်ဒဏ်ကြောင့် စိုးရိမ်တုန်လှုပ်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

F-04