News

POST TYPE

FOREIGN AFFAIRS

ဘိုးအင်း ၇၃၇ တစ်စင်း ဆင်းသက်စဉ် ပြေးလမ်းမှချော်ကာ ဖလော်ရီဒါမြစ်အတွင်းသို့ ရောက်ရှိသွားခဲ့
06-May-2019



ဖလော်ရီဒါ၊ မေ ၎

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်တွင် သောကြာနေ့က မိုးကြိုး လျှပ်စီးများဖြစ်ပေါ်နေစဉ် ဘိုးအင်း ၇၃၇ ခရီးသည်တင်လေယာဉ်တစ်စင်းသည် ဆင်းသက်ရာတွင် ပြေးလမ်းမှချော်ကာ ဖလော်ရီဒါမြစ်အတွင်းသို့ ရောက်ရှိသွားခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

လိုက်ပါလာသူများအနက်၂၁ ဦးမှာ အသေးစားဒဏ်ရာများ ရရှိသွားမှုကြောင့် ဆေးရုံသို့ ပို့ပေးခဲ့ရသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

အဆိုပါစင်းလုံးငှားလေယာဉ်သည် ကျူးဘားနိုင်ငံ ဂွါတာနာမိုမှ ဂျက်ဆန်ဗီးလ် စစ်စခန်းသို့ ပျံသန်းလာခဲ့ခြင်းဖြစ်သည်။ ခရီးသည် ၁၃၇ ဦးနှင့် လေယာဉ်အဖွဲ့သား ၇ ဦးတို့ကို လေယာဉ်အတောင်ပံများ ပေါ်မှတစ်ဆင့် ကယ်ဆယ်ထုတ်ယူခဲ့ရသည်။

“အသေအပျောက်သတင်း မရှိပါဘူး။ ကျွန်တော်တို့အားလုံး အခင်းဖြစ်နေရာမှာ ရှိနေခဲ့ပါတယ်”ဟု ဂျက်ဆန်ဗီးလ် မြို့တော်ဝန် လင်နီကာရီက twitter တွင် ပြောကြားသည်။

သမ္မတထရမ့်ကလည်း လိုအပ်သော အကူအညီပေးရန် ကမ်းလှမ်းထားသည်ဟု မြို့တော်ဝန်က ပြောကြားသည်။

စနေနေ့တွင်မူ ဂျက်ဆန်ဗီးလ် ရေတပ်စခန်း ပြောရေးဆိုခွင့်ရှိသူက လေယာဉ်ကုန်တင်ခန်းသို့ ရေဝင်မှုကြောင့် အိမ်မွေးတိရစ္ဆာန် အနည်းဆုံးလေးကောင်ခန့် သေဆုံးဖွယ်ရှိကြောင်း သတင်းထုတ်ပြန်သည်။

“ကုန်တင်ခန်းထဲကို ရေတွေဝင်ခဲ့ပါတယ်။ တိရစ္ဆာန်လေးတွေ သေဆုံးခဲ့ရတဲ့အတွက် စိတ်မကောင်းပါဘူး”ဟု သူမက ပြောကြားသည်။

လေယာဉ်ပေါ်တွင် လိုက်ပါလာသူ တစ်ဦးဖြစ်သည့် မစ္စချယ်ရီဘိုးမန်းက “လေယာဉ်က မြေပြင်နဲ့ ခပ်ပြင်းပြင်း ဆောင့်မိပြီး တဒုန်းဒုန်းခုန်သွားတယ်။ လေယာဉ်မှူးက လေယာဉ်ကို အပြည့်အဝ မထိန်းချုပ်နိုင်ခဲ့ဘူးဆိုတာ သိသာတယ်”ဟု CNN သို့ ပြောကြားသည်။

“ကျွန်မတို့ ရေထဲကို ရုတ်တရက် ရောက်သွားတယ်။ မြစ်လား၊ သမုဒ္ဒရာလားတောင် မသိလိုက်ဘူး”ဟု သူမက ပြောကြားသည်။

သတင်းစာရှင်းလင်းပွဲတွင် ဂျက်ဆန်ဗီးလ် ရေတပ်လေယာဉ်ကွင်း အုပ်ချုပ်ရေးမှူး ဗိုလ်ကြီးမိုက်ကယ်ကော်နာက ယခု ဖြစ်စဉ်တွင် ဆိုးဆိုးဝါးဝါး သေပျောက်မှု မရှိခြင်းသည် အံ့အားသင့်စရာဖြစ်ကြောင်း မှတ်ချက်ပေးခဲ့သည်။

ဂွါတာနာမိုနှင့် ဂျက်ဆန်ဗီးလ်အကြား တစ်ပတ်နှစ်ကြိမ် ပျံသန်းရန်အတွက် မီယာမီလေကြောင်းလိုင်းမှ လေယာဉ်များကို အမေရိကန်စစ်ဘက်က ကန်ထရိုက်စာချုပ်ဖြင့် ငှားရမ်းပျံသန်းစေခြင်းဖြစ်သည်ဟု သိရှိရသည်။ 

သောကြာနေ့က ခရီးစဉ်တွင် အရပ်သားများနှင့် စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်များ လိုက်ပါလာခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။  

F-04