POST TYPE

FOREIGN AFFAIRS

ဂါဇာမှ အစ္စရေးသို့ ဒုံးကျည်များပစ်ခတ်မှုကြောင့် တုံ့ပြန်တိုက်ခိုက်မှုများမြင့်တက်
06-May-2019



တဲလ်အဗစ်၊ မေ ၅

ဂါဇာကမ်းမြောင်မှ စစ်သွေးကြွများက အစ္စရေးဘက်သို့ ဒုံးကျည် ၂၅၀ ကျော် ပစ်ခတ်ခဲ့မှုကြောင့် ပါလက်စတိုင်းနယ်မြေဘက်သို့ လေကြောင်းတိုက်ခိုက်မှုများနှင့် တင့်အမြောက်ဖြင့်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ရသည်ဟု အစ္စရေးစစ်ဘက်က ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ပစ်ခတ်မှုဖြစ်စဉ်များအတွင်း အစ္စရေး တစ်ဦးသေဆုံးခဲ့ပြီး ပါလက်စတိုင်းဘက်တွင် ကလေးနှင့် မိခင်တစ်ဦး အပါအဝင် လေးဦးသေဆုံးခဲ့သည်ဟု သိရှိရသည်။

အစ္စရေးတို့ကမူ အဆိုပါမိခင်နှင့် ကလေးသည် ပစ်မှတ်သို့ မရောက်သော ပါလက်စတိုင်းဒုံးကျည် ပေါက်ကွဲမှုကြောင့် သေဆုံးခြင်းဖြစ်သည်ဟု ပြောကြားသည်။

အီဂျစ်နှင့်ကုလသမဂ္ဂတို့က အပစ်ရပ်စဲရေးအတွက် ကြားဝင်ညှိနှိုင်းနေသည့်ကြားမှ နောက်ဆုံးပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အစ္စရေးလေကြောင်း တိုက်ခိုက်မှု တစ်ခုတွင် တူရကီနိုင်ငံပိုင် အန်နာဒိုလူ သတင်းဌာနကို ထိမှန်ခဲ့မှုကြောင့် တူရကီအစိုးရထံမှ ပြစ်တင်ရှုတ်ချမှုများ ထွက်ပေါ်လာခဲ့သည်။

စနေနေ့က ဂါဇာဘက်မှဒုံးကျည် အမြောက်အမြား ပစ်ခတ်ခဲ့မှုကြောင့် တနင်္ဂနွေနေ့တွင် အစ္စရေးတစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။ ဂါဇာကမ်းမြောင် အစ္စရေးဘက်ခြမ်းရှိနေအိမ်များကို ဒုံးကျည်များ ထိမှန်မှုကြောင့် ဒေသခံများမှာ ဗုံးခိုကျင်းများတွင် ရှောင်တိမ်းနေကြရပြီး အသက် ၈၀ ကျော် အမျိုးသမီးကြီးတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ဂါဇာဘက်မှပစ်လွှတ်သော ဒုံးကျည် ၂၅၀ ခန့် ရှိခဲ့ပြီး အများစုကို အစ္စရေးတို့၏ Iron Dome ကာကွယ်ရေးစနစ်က ပစ်ချနိုင်ခဲ့သည်ဟု အစ္စရေးစစ်ဘက်က ပြောကြားသည်။

အစ္စရေးဘက်မှ လက်တုံ့ပြန်သည့်အနေနှင့် ဂါဇာကမ်းမြောင်ရှိ ဟားမားစ်တို့နှင့် ဆက်စပ်နေသော ပစ်မှတ်ပေါင်း ၁၂၀ ခန့်ကို လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှုများဖြင့် တိုက်ခိုက်ခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုတွင် အန်နာဒိုလူ သတင်းဌာန အဆောက်အအုံအား ထိမှန်မှုနှင့်ပတ်သက်၍ အစ္စရေးတို့က ကာကွယ်ပြောဆိုရာတွင် ထိုအဆောက်အအုံသည် ဟားမားစ် အနောက်ဘက်ကမ်း တပ်ဖွဲ့နှင့် အစ္စလာမ္မစ်ဂျီဟတ် အကြီးတန်းအဖွဲ့ဝင်များ၏ ရုံးအဖြစ် အသုံးပြုနေသော နေရာဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်သို့ လက်နက်များ မဝင်နိုင်စေရန် အစ္စရေးတို့က တင်းကျပ်စွာ ပိတ်ဆို့ထားမှုကို ပါလက်စတိုင်းတို့က ဆန္ဒပြရာမှ နောက်ဆုံး တိုက်ခိုက်မှုများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

နယ်စပ်စည်းရိုးတွင် သောကြာနေ့က အစ္စရေးစစ်သားနှစ်ဦးကို ပါလက်စတိုင်း သေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့ရာမှ စတင်ခဲ့သော အပြန်အလှန် တိုက်ခိုက်မှုများအတွင်း အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် ဟားမားစ်နှစ်ဦးနှင့် ပါလက်စတိုင်းနှစ်ဦး သေဆုံးခဲ့သည်။

အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့က သောကြာနေ့ဖြစ်ရပ်ကို လက်တုံ့ပြန်သည့်အနေနှင့် စနေနေ့တွင် ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ဟားမားစ် ပြောရေးဆိုခွင့်ရှိသူကမူ အစ္စရေးတို့အား ခုခံတွန်းလှန်မှုများ ဆက်ရှိနေဦးမည်ဟု ပြောကြားသော်လည်း ဒုံးကျည်ပစ်ခတ်မှုများနှင့်ပတ်သက်၍ ဟားမားစ်အဖွဲ့၏ လက်ချက် ဟုတ်မဟုတ်ကို ရှင်းလင်းစွာ ပြောဆိုသွားခြင်းမရှိပေ။ 

F-04