News

POST TYPE

FOREIGN AFFAIRS

ဒုံးကျည်မျိုးစုံ စမ်းသပ်ပစ်လွှတ်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကိုယ်တိုင်ကွပ်ကဲဟုဆို
06-May-2019



ဆိုးလ်၊ မေ ၅ 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ဒုံးကျည်အမျိုးမျိုး၏ တိုက်ခိုက်ရေးစွမ်းရည် ဖော်ထုတ်သည့် စမ်းသပ်မှုကြီးကို ကိုယ်တိုင်ကြပ်မတ်ခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ကြေညာကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြထားသည်။ 

တာတိုပစ်ဒုံးကျည် အမြောက်အမြားကို ဟိုဒိုကျွန်းစုမှနေ၍ ဂျပန်ပင်လယ်ပြင်ထဲသို့ စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု KCNA သတင်းဌာနက ဆိုသည်။ 



ယင်းသို့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်သည့်ကိစ္စသည် ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များအပေါ် ထိခိုက်လာစေနိုင်သည်။ 

“ခေါင်းဆောင်ကြီးကင်ဂျုံအန်းသည် မြောက်ကိုရီးယားနိုင်ငံတော်၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ရေးအတွက် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကာ ကွပ်ကဲညွှန်ကြားခဲ့သည်”ဟု ဖော်ပြသည်။ 

အဆိုပါသတင်းထွက်ပေါ်လာပြီးနောက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကင်ဂျုံအန်းသည် နှစ်နိုင်ငံဆက်ဆံရေး ကောင်းတစ်ရပ် ပေါ်ထွန်းမည့် လမ်းစဉ်ကို ကမောက်ကမဖြစ်အောင် ပြုလုပ်မည့်သူ မဟုတ်ဟု မိမိအနေနှင့် ယုံကြည်ပါကြောင်း twitter တွင် ဖော်ပြသည်။ 

ထို့ပြင် ထရမ့်က “ကျွန်တော်နဲ့ သူ အတူရှိခဲ့တုန်းက သူကျွန်တော့်ကို ပေးထားတဲ့ကတိကို မဖောက်ဖျက်လိုဘူးဆိုတာ သိပါတယ်။ သဘာတူညီချက်က တကယ်ဖြစ်လာမှာပါ”ဟု ဖော်ပြသည်။ 

“မြောက်ကိုရီးယားနိုင်ငံတော်ရဲ့ ကြီးမားတဲ့စီးပွားရေးအလားအလာကိုက ကင်ဂျုံအန်းအနေနဲ့ ကောင်းစွာနားလည် သဘောပေါက်ပြီး သူ့အနေနဲ့ အဲဒီဟာ ပျက်စီးအောင် မလုပ်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်”ဟု ဆက်လက်ဖော်ပြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက မြောက်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းတွင် တွေ့ဆုံဆွေး နွေးပွဲပြုလုပ်ခဲ့သော်လည်း နျူကလီးယား ဖြုတ်သိမ်းရေးအတွက် သဘောတူညီချက် တစ်စုံတစ်ရာ ဖော်ဆောင်နိုင်ခြင်းမရှိခဲ့ပေ။

KCNA ၏ သတင်းထုတ်ပြန်ချက်တွင် ပြည်ပနိုင်ငံများ၏ ခြိမ်းခြောက်မှု ကျူးကျော်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် မြောက်ကိုရီးယား၏ နိုင်ငံရေးအချုပ်အခြာ အာဏာပိုင်မှုနှင့် စီးပွားရေးရေခံမြေခံများကို အကာအကွယ်ပြုရေးသည် လွန်စွာအရေးကြီးသည်ဟု ကင်ဂျုံအန်းက ဆိုသည်။ 

F-01