News

POST TYPE

FOREIGN AFFAIRS

မြောက်ကိုရီးယား ဒုံးကျည်အမြောက်အမြား စမ်းသပ်ပစ်လွှတ်
05-May-2019



ပြုံယမ်း၊ မေ ၎

မြောက်ကိုရီးယားသည် စနေနေ့ နံနက်က ဒုံးကျည်အမြောက်အမြားကို စမ်းသပ်ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များ ကော်မတီ JCS က ပြောကြားကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားသည် ၂၀၁၇ နောက်ပိုင်းတွင် ပထမဆုံးအနေနှင့် တာတိုပစ်ဒုံးကျည် အမြောက်အမြားကို ဂျပန်ပင်လယ်ဆီသို့ စမ်းသပ်ပစ်လွှတ်ခဲ့ ခြင်းဖြစ်သည်။

ဒုံးကျည်စမ်းသပ်မှု အသေးစိတ် အချက်အလက်များကို JCS က လေ့လာစုံစမ်းလျက်ရှိသည်။

အမျိုးအမည်မသိရသော တာတိုပစ် ဒုံးကျည်တစ်စင်းကို ဒေသစံတော်ချိန် နံနက် ၉ နာရီခန့်တွင် အရှေ့ဘက်ကမ်းရိုးတန်း ဝမ်ဆန်မှ ဂျပန်ပင်လယ်ဆီသို့ စတင်ပစ်လွှတ်ခဲ့ပြီးနောက် နောက်ထပ် ဒုံးကျည် အမြောက်အမြားကို ဆက်တိုက်ပစ်လွှတ်ခဲ့သည်။ ဒုံးကျည်များသည် အကွာအဝေး ကီလိုမီတာ ၇၀ မှ ၂၀၀ အထိ ပျံသန်းရောက်ရှိခဲ့သည်။

ယခု ဒုံးကျည်စမ်းသပ်မှုသည် ၂၀၁၇ နိုဝင်ဘာလက တိုက်ချင်းပစ်ဒုံးကျည် ICBM စမ်းသပ်မှုနောက်ပိုင်း ပထမဆုံး ပြန်လည်စမ်းသပ်မှုတစ်ခု ဖြစ်သည်။ အဆိုပါ စမ်းသပ်မှုအပြီးတွင် မြောက်ကိုရီးယားက နျူကလီးယားစွမ်းရည် ပြည့်ဝပြီဟု ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အမေရိကန်၊ တောင်ကိုရီးယားတို့နှင့် ဆွေးနွေးမှုများကို ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။

အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ဆာရာဆန်ဒါက “မြောက်ကိုရီးယားရဲ့ ဒီနေ့ည လှုပ်ရှားမှုတွေကို အမေရိကန်က သိရှိထားပါတယ်။ လိုအပ်သလို အကဲခတ်စောင့်ကြည့်မှု ဆက်လုပ်သွားမှာပါ”ဟု ပြောကြားသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြောက်ကိုရီးယား၏ ဒုံးကျည်များသည် ဂျပန်ကမ်းရိုးတန်းနှင့် အလှမ်းကွာသော နေရာတွင် ကျရောက်ခဲ့ကြောင်းနှင့် ဂျပန် နိုင်ငံအတွက် လုံခြုံရေးအန္တရာယ်တစ်စုံ တစ်ရာမရှိကြောင်း ထုတ်ပြန်ကြေညာသည်။

တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ကန်ကျောင်းဝှာက မြောက်ကိုရီးယားအနေနှင့် အရေးယူပိတ်ဆို့မှုများ ဖြေလျှော့မှုကို အလိုရှိပါက သိသာထင်ရှား သော နျူကလီးယားဖျက်သိမ်းမှု လုပ်ဆောင်ချက်ကို ပြသသင့်သည်ဟု သောကြာနေ့က မှတ်ချက်ပေးထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ခေါင်းဆောင်ကင်ဂျုံအန်းတို့အကြား ဖေဖော်ဝါရီလက ဟနွိုင်း ထိပ်သီးဆွေးနွေးပွဲသည် ရလဒ် တစ်စုံတစ်ရာ တိုးတက်ပြောင်းလဲမှုမရှိဘဲ အဆုံးသတ်ခဲ့ရသည်။

ယခုသီတင်းပတ်အစောပိုင်းတွင် မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေး ဝန်ကြီး ချိုဆွန်ဟီက ဝါရှင်တန်အနေနှင့် စီးပွားရေး အရေးယူပိတ်ဆို့မှု သဘောထားကို ပြင်ဆင်ခြင်းမပြုပါက မလိုလားအပ်သော အကျိုးဆက်များရှိလာမည်ဟု သတိပေးပြောဆိုထားသည်။

F-04