News

POST TYPE

FOREIGN AFFAIRS

ဆိုင်ကလုန်းဖန်နီ အိန္ဒိယကမ်းရိုးတန်းသို့ ဝင်ရောက်
05-May-2019



ဒေလီ၊ မေ ၎

အင်အားပြင်း ဆိုင်ကလုန်းဖန်နီသည် သောကြာနေ့က အိန္ဒိယအရှေ့ဘက် ကမ်းရိုးတန်းသို့ မိုးသက်လေပြင်းများဖြင့် ဝင်ရောက်သွားခဲ့ပြီး မုန်တိုင်းလမ်းကြောင်း တစ်လျှောက်ရှိ ဒေသခံ ထောင်ပေါင်းများစွာမှာ အိုးအိမ်များကို စွန့်ခွာတိမ်းရှောင်ခဲ့ကြရသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

မုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ ရွေ့လျားလာသောကြောင့် ဘင်္ဂလားဒေ့ရှ်တွင်လည်း လူနှစ်သန်းခန့် အိုးအိမ်များကို စွန့်ခွာတိမ်းရှောင်နေရသည်။

ဆိုင်ကလုန်းဖန်နီသည် သောကြာနေ့ နံနက် ၈ နာရီခန့်က လေတိုက်နှုန်း တစ်နာရီလျှင် ၂၀၅ ကီလိုမီတာနှုန်းဖြင့် အိန္ဒိယအရှေ့ကမ်းရိုးတန်း ပူရီမြို့အနီးတွင် အင်အားပြင်းထန်စွာဝင်ရောက်လာခဲ့သည်ဟု မိုးလေဝသဌာနက ထုတ်ပြန်သည်။

လေးပေမှ ကိုးပေအထိမြင့်သော လှိုင်းလုံးများကြောင့် ကမ်းရိုးတန်းအနိမ့် ပိုင်းဒေသများကို ရေလွှမ်းသွားနိုင်ပြီး မိုးသည်းထန်မှုကြောင့် အန်ဒရာပရာဒေ့ရှ်၊ အော်ဒစ္စနှင့် အနောက်ဘန်ဂေါပြည်နယ်များတွင် ရေကြီးရေလျှံမှုများဖြစ်နိုင်သည်ဟု မိုးလေဝသဌာနက သတိပေးထားသည်။

မုန်တိုင်းကြောင့် ဓနိမိုးဓနိကာအိမ်များ လုံးဝပျက်စီးသွားပြီး ဓာတ်တိုင်များနှင့် ဆက်သွယ်ရေးတာဝါတိုင်များ လဲပြိုခြင်း၊ ကားလမ်းများပျက်စီးခြင်း၊ သီးနှံစိုက်ခင်းများ ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ ဒေသတွင်းရှိ လေဆိပ်များ၊ သင်္ဘောဆိပ်များ၊ ကားလမ်းများ၊ ရထားလမ်းများနှင့် စာသင်ကျောင်းများကိုလည်း အားလုံး ပိတ်ထားရသည်။



အော်ဒစ္စပြည်နယ်တွင် မုန်တိုင်းမဝင်မီ အနိမ့်ပိုင်းဒေသရှိ ဒေသခံ ၁ ဒသမ ၂ သန်းခန့်မှာ နေအိမ်များကို စွန့်ခွာ တိမ်းရှောင်ခဲ့ကြပြီး မုန်တိုင်းဘေးရှောင်စခန်းပေါင်း ၄၀၀၀ ခန့်တွင် ခိုလှုံလျက်ရှိသည်။ အနောက်ဘန်ဂေါတွင်လည်း ဒေသခံထောင်ပေါင်းများစွာ အလားတူတိမ်းရှောင်ခဲ့ကြရသည်။

သေဆုံးသူ ၅ ဦးရှိသည်ဟု ပြည်တွင်း မီဒီယာများက ထုတ်ပြန်သော်လည်း တာဝန်ရှိသူများကမူ တစ်ဦးသာ သေဆုံးသည်ဟု အတည်ပြုသည်။

သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဌာနက ကယ်ဆယ်ရေးအဖွဲ့ပေါင်း ၅၄ ဖွဲ့ကို စေလွှတ်ကာ အစားအစာ၊ ရေနှင့် ဆေးဝါးများကို ကူညီပေးနေပြီး အိန္ဒိယ စစ်တပ်မှ ရေ၊ လေ၊ ကြည်းနှင့် ကမ်းခြေ စောင့် တပ်ဖွဲ့များက ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အဆင်သင့်စောင့်ဆိုင်းနေကြသည်။

ဆိုင်ကလုန်းဖန်နီသည် လေတိုက်နှုန်း ကီလိုမီတာ ၁၁၀ ခန့်ဖြင့် အားပျော့သွားခဲ့ပြီဟု မိုးလေဝသဌာနက သောကြာနေ့ညပိုင်းတွင် ကြေညာသည်။

ဘင်္ဂလားဒေ့ရှ်တွင်လည်း သောကြာနေ့ညနေ မတိုင်မီကတည်းက လူပေါင်း ၂ ဒသမ ၅ သန်းခန့်ကို နေအိမ်များမှ ဖယ်ရှားရှင်းလင်းထားပြီးဖြစ်သည်ဟု သိရှိရသည်။

F-04