News

POST TYPE

FOREIGN AFFAIRS

ကွန်ဂိုနိုင်ငံတွင် အီဘိုလာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ရှိ
05-May-2019


ကင်ရှာဆာ၊ မေ ၄

ကွန်ဂိုနိုင်ငံတွင် အီဘိုလာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် သေဆုံးသူအရေအတွက် ၁၀၀၀ ကျော်သွားပြီဟု ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ကွန်ဂို၏ အီဘိုလာကူးစက်မှုသည် ဩဂုတ်လက စတင်ခဲ့ခြင်းဖြစ်ပြီး အီဘိုလာ ဗိုင်းရပ်စ် သမိုင်းတစ်လျှောက် ဒုတိယ အသေအပျောက်အများဆုံးဖြစ်သည်။

နိုင်ငံအရှေ့ပိုင်းတွင် ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့နေမှုကို ကိုင်တွယ်ရန် ကြိုးပမ်းမှုများအပေါ် မယုံကြည်မှုများနှင့် အကြမ်းဖက်မှုများက အနှောင့်အယှက် ဖြစ်စေသည်ဟု WHO မှ လက်ထောက်ဒါရိုက်တာဒေါက်တာ မိုက်ကယ်ရိုင်ယန်က ပြောကြားသည်။

ဇန်နဝါရီလနောက်ပိုင်းတွင် ကျန်းမာရေးဌာနနှင့် ဝန်ထမ်းများအပေါ် တိုက်ခိုက်မှုပေါင်း ၁၁၉ ကြိမ် ရှိခဲ့သည်ဟု ဒေါက်တာ ရိုင်ယန်က ပြောကြားသည်။

ဗိုင်းရပ်စ်ကူးစက်မှုသည် အင်ပြည့်အားပြည့် ဆက်ရှိနေဦးမည်ဟု WHO ဝန်ထမ်းများက ခန့်မှန်းထားကြောင်း ၎င်းက ရှင်းပြသည်။

ကျန်းမာရေးလုပ်သားများတွင် ကာကွယ်ဆေး vaccines အမြောက်အမြားရှိနေပြီး လူပေါင်းတစ်သိန်းကျော်ကို ကာကွယ်ဆေးထိုးပေးပြီးဖြစ်သော်လည်း စစ်သွေးကြွများရှိနေသော နိုင်ငံအရှေ့ပိုင်းတွင် အကြမ်းဖက်မှုများ ဖြစ်ပွားနေခြင်းနှင့် ဆရာဝန်များအပေါ် မယုံကြည်ခြင်းတို့က WHO အစီအစဉ်အပေါ် ဟန့်တားနှောင့်ယှက်နေသည်ဟု ဒေါက်တာရိုင်ယန်က ပြောကြားသည်။ 

“ရပ်ရွာရဲ့ လက်ခံမှုရရှိရေး၊ ယုံကြည်မှုရရှိရေးပြဿနာတွေကို ကျွန်တော်တို့ ရင်ဆိုင်နေရတုန်းပဲ”ဟု ၎င်းက မှတ်ချက်ပေးသည်။

ကွန်ဂိုနိုင်ငံသည် ဝက်သက်ရောဂါ ကူးစက်မှုကိုလည်း ကြုံတွေ့နေရပြီး ကူးစက်သူ ၅၀,ဝ၀၀ ခန့်ကို တွေ့ရှိထားပြီး ၁၀၀၀ ကျော် သေဆုံးခဲ့သည်ဟု သိရှိရသည်။ နိုင်ငံ၏ ပြည်နယ် ၂၆ ခုတွင် ၁၄ ခု၌ ဝက်သက်ရောဂါ ကူးစက်နေသည်ဟု WHO က အတည်ပြုပြောကြားသည်။

အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုကို ပြည်နယ်နှစ်ခုတွင် ထိန်းချုပ်နိုင်နေဆဲ အနေအထားဖြစ်သော်လည်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ကူးစက်မှုကို အကဲခတ်စောင့်ကြည့်ရန် ပိုမိုခက်ခဲလာနေသည်ဟု WHO က ဆိုသည်။

တစ်ကမ္ဘာလုံးသို့ အီဘိုလာကူးစက်မှု ဖြစ်နိုင်ခြေနည်းသော်လည်း အိမ်နီးချင်းနိုင်ငံများသို့ ကူးစက်နိုင်ခြေ အလွန်များသည်ဟု WHO က သတိပေးထားသည်။

ယခင်က အီဘိုလာဗိုင်းရပ်စ်ကူး စက်မှုအများစုသည် မြန်ဆန်စွာ အဆုံးသတ်ခဲ့ပြီး သေဆုံးသူ အရေအတွက် အနည်းငယ်သာရှိခဲ့သည်။ အနောက် အာဖရိကတွင် ၂၀၁၃ မှ ၂၀၁၆ အတွင်း ဖြစ်ပွားခဲ့သော ကူးစက်မှုတစ်ခုတွင်သာ အချိန် ရှစ်လကျော်ကြာမြင့်ခဲ့ပြီး လူပေါင်း ၁၁,၃၁၀ အသက်ဆုံးရှုံးခဲ့ရဖူးသည်။

F-04