News

POST TYPE

FOREIGN AFFAIRS

ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်တွင် ပါဝင်ထိုးသတ်ရန် UFC ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား ဘက်ဇင်းစကီး စာချုပ်ချုပ်၊ ပထမဆုံးပွဲစဉ်တွင် ဒေ့ဗ်လက်ဒပ်နှင့် ထိုးသတ်မည်
03-May-2019



နယူးယောက်၊ မေ ၃

UFC ကိုယ်ခံပညာစုံတိုက်ခိုက်ရေးပြိုင်ပွဲ၏ ဝါရင့်ကစားသမားတစ်ဦးဖြစ်သော အမေရိကန်နိုင်ငံသား ဆက်သ်ဘက်ဇင်းစကီးသည် မြန်မာနိုင်ငံက ကြီးမှူး၍ ကမ္ဘာ့အားကစားလောကသို့ ထိုးဖောက်ရန် ပြင်ဆင်နေသော ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်ပြိုင်ပွဲတွင် ပွဲစဉ်များစွာ ပါဝင်ထိုးသတ်ရန်အတွက် စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပြီး ၎င်း၏ပထမဆုံးသောပြိုင်ဘက်မှာ မြန်မာပြည်ချန်ပီယံရွှေခါးပတ်ကို များမကြာမီက စွန့်လွှတ်လိုက်သော ဒေ့ဗ်လက်ဒပ်ဖြစ်လိမ့်မည်ဟု Sherdog.com က ဖော်ပြထားသည်။

မြန်မာနိုင်ငံ မန္တလေးမြို့တွင် လာမည့်သြဂုတ်လ၌ ကျင်းပမည့် WLC:Art of Nine Limbs အမည်ရ ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဘက်ဇင်းစကီးနှင့် ဒေ့ဗ်လက်ဒပ်တို့သည် ခရူဆာဝိတ်တန်း ချန်ပီယံရွှေခါးပတ်ဆုအတွက် အားပြိုင်ကြရလိမ့်မည်ဖြစ်ပြီး ၎င်းရင်ဆိုင်ရမည့် ဒေ့ဗ်လက်ဒပ်မှာ မြန်မာ့ရိုးရာလက်ဝှေ့တွင် ဘုရင်တစ်ပါးဖြစ်နေသူဟုလည်း ဘက်ဇင်းစကီးက ချီးကျူးသွားခဲ့သည်။

အသက် ၃၇ နှစ်အရွယ်ရှိ ဘက်ဇင်းစကီးသည် UFC ကိုယ်ခံပညာစုံတိုက်ခိုက်ရေးပြိုင်ပွဲများတွင် ၁၃ နှစ်ကြာ ကစားသမားဘ၀ ကျင်လည်ဖြတ်သန်းခဲ့သူဖြစ်ပြီး ယှဉ်ပြိုင်ထိုးသတ်ခဲ့သော UFC ပွဲစဉ်ပေါင်း ၃၅ ပွဲတွင် ၂၁ ပွဲနိုင်၊ ၁၄ ပွဲရှုံးရလဒ်ကို ရရှိထားသူဖြစ်သည်။

ဘက်ဇင်းစကီးသည် ၎င်းအနိုင်ရရှိခဲ့သော UFC ကိုယ်ခံပညာစုံတိုက်ခိုက်ရေးပွဲစဉ်ပေါင်း ၂၁ ပွဲတွင် ၁၉ ပွဲကို အလဲထိုးရလဒ်၊ ဒိုင်ပွဲရပ်ရလဒ်များဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်ပြိုင်ပွဲ၏ အဖွင့်ပွဲစဉ်တွင်လည်း ကနေဒါနိုင်ငံသား ဒေ့ဗ်လက်ဒပ်ကို အနိုင်ယူကာ မွေးရပ်ဇာတိ အမေရိကန်ပြည်ထောင်စုသို့ ချန်ပီယံရွှေခါးပတ်ကြီးကို သယ်ဆောင်သွားခွင့် ရလိုပါကြောင်းလည်း ဘက်ဇင်းစကီးက ပြောကြားထားသေးသည်။

ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် ပြိုင်ပွဲကျင်းပရေးကော်မတီက ကြီးမှူးကျင်းပမည့် အဌမမြောက်ပြိုင်ပွဲဖြစ်သော WLC;Karen Spirit ပြိုင်ပွဲကို လာမည့်တနင်္ဂနွေနေ့တွင် ကျင်းပတော့မည်ဖြစ်ပြီး ယင်းပြိုင်ပွဲကို ကရင်ပြည်နယ် ဘားအံမြို့ရှိ ချစ်သူ့မြိုင်ပန်းခြံတွင် ကျင်းပသွားမည်ဖြစ်သည်ဟု ပြိုင်ပွဲကျင်းပရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

WLC;Karen Spirit ပြိုင်ပွဲ၏ အဓိကပွဲစဉ်မှာ စိုးလင်းဦးနှင့် ဘူရတ်လက်ခ်တို့ ယှဉ်ပြိုင်ထိုးသတ်မည့် လိုက်ဝယ်လ်တာဝိတ်တန်း ရွှေခါးပတ်လုပွဲဖြစ်ပြီး ယင်းပြိုင်ပွဲကို UFC Fight Pass အစီအစဉ်ကတစ်ဆင့် မြောက်အမေရိကတစ်လွှားရှိ နိုင်ငံများသို့ ထုတ်လွှင့်ပြသပေးသွားမည်လည်းဖြစ်သည်။

E-11