News

POST TYPE

FOREIGN AFFAIRS

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဂွါအီဒိုက ဆန္ဒပြအုံကြွမှုများ အရှိန်မြှင့်ရန် ဆုံးဖြတ်
03-May-2019
ကာရာကတ်စ်၊ မေ ၂

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဂွါအီဒိုက အာဏာရှင်သမ္မတ မာဒူရို အာဏာစွန့်အောင် ဖိအားပေးရန် ဆန္ဒပြအုံကြွမှုများ အရှိန်မြှင့်ဖို့ တိုက်တွန်းလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ဂွါအီဒိုက အစိုးရဝန်ထမ်းများအား အလုပ်မဆင်းကြရန် ကြာသပတေးနေ့က နှိုးဆော်လိုက်ပြီး ထိုသို့ရပ်ဆိုင်းခြင်းဖြင့် အထွေထွေသပိတ်ကြီး ဖြစ်ပေါ်စေမည်ဟု ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့က ကာရာကတ်စ်မြို့တော်တွင် ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုများအတွင်း အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

ထိုအတောအတွင်း သမ္မတမာဒူရိုက ၎င်းထွက်ပြေးရန် အဆင်သင့်ဖြစ်နေပြီ ဆိုသောသတင်းများကို ငြင်းဆိုလိုက်ပြီး အမေရိကန်ပြည်ထောင်စုက အာဏာသိမ်းရန် ညွှန်ကြားနေသည်ဟု စွပ်စွဲပြောဆိုလိုက်သည်။ အာဏာသိမ်းရန် ကြံစည်မှုတွင် ပါဝင်ပတ်သက်သူများကို ပြစ်ဒဏ်ပေးမည်ဟုလည်း ၎င်းက ဆိုသည်။

ဗင်နီဇွဲလားအရေးနှင့်ပတ်သက်၍ အမေရိကန်နှင့် ရုရှားအကြားတွင်လည်း တင်းမာမှုမြင့်တက်နေသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုက ဗင်နီဇွဲလားအရေးတွင် စစ်ရေးအရ ကြားဝင်နိုင်သည်ဟု ပြောကြားလိုက်ပြီး ရုရှားနှင့် ကျူးဘားသည် မာဒူရိုကို အားပေးခြင်းဖြင့် ဗင်နီဇွဲလားကို မတည်ငြိမ်အောင် ပြုလုပ်နေသည်ဟု စွပ်စွဲလိုက်သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဘရော့ဗ်က ဗင်နီဇွဲလားအရေးတွင် အမေရိကန်၏ စွက်ဖက်မှုသည် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု တုံ့ပြန်စွပ်စွဲပြောဆိုသည်။

ဗင်နီဇွဲလားတွင် ယာယီသမ္မတအဖြစ် ကိုယ်တိုင်ကြေညာထားသူ လွှတ်တော်ဥက္ကဋ္ဌ ဂွါအီဒိုကို အမေရိကန်နှင့် အနောက်အုပ်စုအပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်က အသိအမှတ်ပြုထားကြသည်။

သို့ရာတွင် ရုရှား၊ တရုတ်နှင့် စစ်တပ်ခေါင်းဆောင်ပိုင်း၏ ထောက်ခံမှုကို ရယူထားသူ မာဒူရိုက အာဏာစွန့်ရန် ငြင်းဆန်လျက်ရှိသည်။

အတိုက်အခံခေါင်းဆောင် ဂွါအီဒိုက အော်ပရေးရှင်းလစ်ဘာတီဟုခေါ်သော လွတ်မြောက်ရေးလှုပ်ရှားမှု နောက်ဆုံးအဆင့် စတင်ပြီဖြစ်ကြောင်းနှင့် နိုင်ငံဝန်ထမ်းများ ပါဝင်ရမည့်အလှည့်ဖြစ်ကြောင်း twitter တွင် ရေးသားတိုက်တွန်းထားသည်။

မာဒူရိုအစိုးရ ပြုတ်ကျသည်အထိ လမ်းများပေါ်တွင် ရှိနေကြရန် ဂွါအီဒိုက တိုက်တွန်းပြောကြားသည်။ 

သို့ရာတွင် အစိုးရဝန်ထမ်းများ သပိတ်တွင် ပါဝင်လာရေးမှာ အလွန်ခက်ခဲမည်ဟု ဆိုကြသည်။ နိုင်ငံ့ဝန်ထမ်းများသည် အစိုးရထောက်ခံသော လူထုစည်းဝေးပွဲများတွင် မပါဝင်လျှင် အလုပ်ဖြုတ်ခံရမည်ဟု ယခင်ကတည်းက ခြိမ်းခြောက်ခံခဲ့ရသူများဖြစ်သည်။

ဗုဒ္ဓဟူးနေ့က ဆန္ဒပြပွဲများတွင် အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အကဲခတ်လေ့လာသူများအဖွဲ့ VOS က ပြောကြားသည်။

F-04


  • VIA