News

POST TYPE

FOREIGN AFFAIRS

အစိုးရက ဖြည့်စွက်ခွင့်ပြုငွေ ကျပ်ဘီလီယံ နှစ်ထောင့်ခြောက်ရာကျော် တောင်းခံ
01-May-2019
နေပြည်တော်၊ ဧပြီ ၃၀

ပြည်ထောင်စုအစိုးရ၏ အသုံးစရိတ်များအနက် ဖြည့်စွက်ခွင့်ပြုငွေ ကျပ်ဘီလီယံ နှစ်ထောင့်ခြောက်ရာကျော် (၂၆၃၅ ဒသမ ၁၉၇ ဘီလီယံ) ကို ဧပြီလ ၃၀ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြတောင်းခံလိုက်သည်။ 

ယင်းအသုံးစရိတ်ကို ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက တင်ပြတောင်းခံခဲ့ခြင်းဖြစ်သည်။

တောင်းခံငွေတွင် ဗဟိုအဖွဲ့အစည်းများက ကျပ် သုည ဒသမ ၄၆၈ ဘီလီယံ၊ ဝန်ကြီးဌာနများက ကျပ် ၂၂၃၇ ဒသမ ဝ၅၄ ဘီလီယံ၊ တပ်မြို့စည်ပင်သာယာရေးအဖွဲ့များက ကျပ် သုည ဒသမ ဝ၄၁ ဘီလီယံ၊ နေပြည်တော်ကောင်စီက ကျပ် ၈ ဒသမ ၃၂၈ ဘီလီယံ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကျပ် ၁၁ ဒသမ ၃၀၁ ဘီလီယံ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီက ကျပ် ၁ ဒသမ ၃၈၉ ဘီလီယံတို့ ပါဝင်နေသည်ကို တွေ့ရသည်။ 

ယင်းအပြင် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေပြင်ပမှဆောင်ရွက်သည့် နိုင်ငံတော်ပိုင်အဖွဲ့အစည်းများဖြစ်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးက ကျပ် ၁၂၄ ဒသမ ၂၅၇ ဘီလီယံ၊ ရန်ကုန်လျှပ်စစ်ကော်ပိုရေးရှင်းက ကျပ် ၁၀၆ ဒသမ ၁၈၀ ဘီလီယံနှင့် မန္တလေး လျှပ်စစ်ကော်ပိုရေးရှင်းက ကျပ် ၄၇ ဒသမ ၁၇၉ ဘီလီယံ တောင်းခံထားသည်။ 

ယခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု အစိုးရအဖွဲ့အနေနှင့် ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေအရ ချေးယူနိုင်သည့်ငွေ ကျပ် သန်း ၇၂ သိန်းအပြင် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းတွင် (လက်ရှိတင်ပြ သောဥပဒေကြမ်း) တွင် ကျပ် သန်း ၅ သိန်း ကို ထပ်မံလျာထားတင်ပြထားကြောင်း၊ ယင်းဥပဒေကြမ်းအပေါ် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်နှင့် ဘဏ္ဍာရေးကော်မရှင်၏ထောက်ခံချက်ကို ပူးတွဲတင်ပြထားကြောင်း ဝန်ကြီးဦးစိုးဝင်းက ရှင်းပြသွားခဲ့သည်။

ယင်းတင်ပြချက်ဖြစ်သည့် ပြည်ထောင်စု၏ဖြည့်စွက်ခွင့်ပြုငွေအပါအဝင် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို လွှတ်တော်တွင် ဖွဲ့စည်းထားသည့် ဘဏ္ဍာငွေစိစစ်ရေးပူးပေါင်းအဖွဲ့များက မေလ ၅ ရက်နေ့ နောက်ဆုံးထား၍ ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် ငွေစာရင်းပူးပေါင်းကော်မတီတို့ထံ တင်ပြပေးရမည်ဖြစ်ကြောင်း လွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့် ငွေစာရင်းပူးပေါင်းကော်မတီတို့ကလည်း လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို မေလ ၂၄ ရက် နောက်ဆုံးထား၍ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရမည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

S-01