News

POST TYPE

FOREIGN AFFAIRS

စပိန်ရွေးကောက်ပွဲတွင် လက်ယာစွန်းပါတီ ထောက်ခံမှုနှုန်း တက်လာသော်လည်း ဆိုရှယ်လစ်များ အနိုင်ရ
29-Apr-2019

မက်ဒရစ်၊ ဧပြီ ၂၉

စပိန်နိုင်ငံတွင် လေးနှစ်အတွင်း သုံးကြိမ်မြောက် ပြုလုပ်သော ရွေးကောက်ပွဲတွင် အာဏာရဆိုရှယ်လစ်ပါတီက အနိုင်ရရှိသွားသော်လည်း အများစုနေရာရခြင်းမရှိခဲ့ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ် ပီဒရိုဆန်းချက်၏ပါတီသည် ထောက်ခံမဲ ၂၉ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့ပြီး ညွှန့်ပေါင်းအစိုးရဖွဲ့ရန်အတွက် ပိုဒီမိုလက်ဝဲပါတီ၊ ဒေသခံပါတီ၊ လက်ယာယိမ်းပါတီတို့နှင့် အကူအညီကို လိုအပ်မည်ဖြစ်သည်။

လက်ယာစွန်းပါတီသည်လည်း ၁၉၇၀ စစ်အုပ်ချုပ်ရေး အဆုံးသတ်ပြီး နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လွှတ်တော်တွင်းသို့ ဝင်ရောက်လာနိုင်ခဲ့သည်။ လက်ယာစွန်း Vox ပါတီသည် ယဉ်ကျေးမှု ကွဲပြားစုံလင်ရေး၊ အမျိုးသမီး တန်းတူညီမျှရေးနှင့် အကန့်အသတ်မဲ့ လူဝင်မှု မူဝါဒများကို ဆန့်ကျင်သူဖြစ်သည်။

စပိန်ရွေးကောက်ပွဲ၏ အထူးခြားဆုံးဇာတ်လမ်းမှာ ၂၀၁၈ မေလတွင် အယုံအကြည်မရှိအဆို မဲခွဲမှုဖြင့် အာဏာကို လက်လွှတ်ခဲ့ရချိန်အထိ စပိန်ကိုအုပ်ချုပ်ခဲ့သော ပေါ်ပြူလာပါတီ PP အပေါ် ထောက်ခံမှု ပြိုဆင်းခဲ့သည့် ဖြစ်စဉ်ဖြစ်သည်။ PP သည် ယခင်ပါလီမန်တွင် အမတ် ၁၃၇ နေရာရရှိထားရာမှ ယခု ၆၆ နေရာမျှသာ အနိုင်ရခဲ့သည်။

အောင်ပွဲခံမိန့်ခွန်းခြွေသော ပီထရို ဆန်းချက်ဇ်က ၎င်းတို့ပါတီ၏ အဓိက စိန်ခေါ်မှုမှာ မညီမျှမှု တိုက်ဖျက်ရေး၊ အတူယှဉ်တွဲနေထိုင်ရေးနှင့် အဂတိလိုက်စားမှု နှိမ်နင်းရေးတို့ဖြစ်သည်ဟု ပြောကြားသည်။ “အနာဂတ်က အနိုင်ရပြီး အတိတ်က ရှုံးနိမ့်သွားတာဖြစ်ပါတယ်”ဟု ၎င်းကပြောကြားသည်။ ဆန်းချက်ဇ်သည် အာဏာရကာလအတွင်း အနိမ့်ဆုံးလုပ်ခ လစာကို တိုးမြှင့်ပေးခြင်း၊ အမျိုးသမီးကြီးစိုးသော အစိုးရအဖွဲ့ကိုဖွဲ့စည်းပေးခြင်း၊ မုဒိမ်းမှုကို အဓိပ္ပာယ်ဖွင့်သည့် ဥပဒေရေးဆွဲရန် ကတိပေးခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

ဆိုရှယ်လစ်ပါတီသည် အမတ် ၁၂၃ နေရာ အနိုင်ရခဲ့ပြီး ယခင်မဟာမိတ် ပိုဒီမိုပါတီက ၄၂ နေရာ အနိုင်ရခဲ့သည်။ ယခု ရလဒ်သည် ၂၀၁၆ ခုနှစ်က ထောက်ခံမဲ ၂၃ ရာခိုင်နှုန်းကို ၂၉ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်သည့် ဆန်းချက်ဇ်၏အောင်ပွဲဟု ဆိုနိုင်သည်။

သို့တိုင်အောင် ဆိုရှယ်လစ်နှင့် ပိုဒီမိုတို့သည် အမတ်နေရာ ၃၅၀ ရှိသော ပါလီမန်တွင် အများစုဖြစ်ရန်အတွက် လိုအပ်သော ၁၇၆ နေရာပြည့်ရန် ၁၁ နေရာ လိုနေခဲ့သည်။

ဝန်ကြီးချုပ်ဆန်းချက်ဇ်သည် လိုအပ်နေသော အရေအတွက်ကို ဒေသခံပါတီငယ်များဖြင့် ဖြည့်တင်းဖွယ်ရှိသော်လည်း ယခင်လက ၎င်း၏အစိုးရအပေါ် ထောက်ခံမှုရုပ်သိမ်းသွားသော ကတ်တလန် လွတ်လပ်ရေးပါတီများ၏ အကူအညီကို လိုအပ်ဖွယ်ရှိနေသည်။

ကတ်တလန် လက်ဝဲပါတီသည် ကတ်တလိုးနီးယားတွင် ၁၅ နေရာဖြင့် အများဆုံး အနိုင်ရထားသည်။ ၂၀၁၇ အောက်တိုဘာလက လွတ်လပ်ရေး ကြေညာမှုကြောင့် ထောင်ထဲတွင် အမှုရင်ဆိုင်နေရသူ ကတ်တလန်ပါတီခေါင်းဆောင် ဂျန်ကူရားက ပါတီထောက်ခံသူများအား ကျေးဇူးတင်ကြောင်း Twitter မှတစ်ဆင့် ပြောဆိုခဲ့သည်။

PP ပါတီ၏ ရှုံးနိမ့်မှုသည် Vox နှင့် လက်ယာယိမ်း ကူဒါဒါနိုပါတီတို့၏ ပူးပေါင်းမှုကို ရသည့်တိုင်အောင် ညွှန့်ပေါင်းအစိုးရဖွဲ့ရန် လိုအပ်သော နေရာအရေအတွက်ကို မပြည့်နိုင်တော့သည့် အဆင့်အထိ ရောက်ရှိခဲ့သည်။

လက်ယာစွန်း Vox ပါတီသည် အမတ် ၂၄ နေရာ အနိုင်ရကာ ထောက်ခံမဲ ၁၀ ရာခိုင်နှုန်း ရရှိခဲ့သည်။

F-04