News

POST TYPE

FOREIGN AFFAIRS

အမေရိကန်က သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ ဟိုတယ်တွေ
02-Nov-2016


အနောက်တိုင်းမှာဆိုရင် ခုချိန်က ဟောလိုဝင်း ပွဲတော်လို့ခေါ်တဲ့ တစ္ဆေကြီးများ ပွဲတော်ရာသီ ဆိုတော့ သည်းထိတ်ရင်ဖို ဖြစ်စရာ သတင်းတွေ ဆောင်းပါးတွေ တော်တော်များများ တင်ကြပါတယ်။ အဲဒီထဲက သရဲခြောက်တယ်ဆိုတဲ့ ဟိုတယ်အချို့ အကြောင်းကို ပြန်လည် မျှဝေချင်ပါတယ်။

မာရှယ်ဟောက်စ်၊ ဆာဗားနားမြို့

၁၈၅၁ မှာ တည်ဆောက်ခဲ့တဲ့ မာရှယ်ဟောက်စ်ဟာ ပြည်တွင်းစစ် ကာလမှာ ဆေးရုံ တစ်ခုဖြစ်ခဲ့ပြီး ဆောင်းတွင်းဘက်မှာဆိုရင် ခြေပြတ်လက်ပြတ် အလောင်းတွေကို မြေမှာ မမြှုပ်ဘဲ ဆေးရုံ လျှာထိုးတွေအောက်မှာ ထားလေ့ ရှိခဲ့ကြပါတယ်။ စစ်အတွင်းက သေဆုံးခဲ့ကြသူတွေရဲ့ ဝိညာဉ်တွေဟာ ဟိုတယ်စင်္ကြံလမ်းတွေထက်မှာ လျှောက်သွားနေတတ်ပြီး ရေပိုက်ခေါင်းတွေနဲ့ မီးတွေဟာ သူ့အလိုလို ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေတတ်ပြီး ရေချိုးရင်လည်း တံခါးကို အပြင်က ပိတ်သွားတတ်တယ်လို့ ဆိုကြပါတယ်။

ဟိုတယ်ဒယ်လ်ကိုရိုနာဒို၊ ကိုရိုနာဒိုမြို့

၁၈၉၂ မှာတုန်းက ကိတ်မော်ဂန်ဆိုတဲ့ ခပ်ငယ်ငယ် အမျိုးသမီး တစ်ဦးဟာ ဟိုတယ်ထဲ ဝင်တည်းပြီးနောက် လုံးဝ ပြန်ထွက် မလာခဲ့တော့ပါဘူး။ မော်ဂန်ဟာ ဟိုတယ်မှာ ငါးရက်ကြာနေပြီးတဲ့နောက် သူ့ကိုယ်သူ သတ်သေခဲ့ပါတယ်။ သူ့ရဲ့ ဝိညာဉ်ဟာ ခုထက်ထိ ရှိနေသေးတဲ့အတွက် ဘာအကြောင်းမှမရှိဘဲ ဟိုတယ်မှာ အေးစိမ့်သွားတာ မီးတွေ ဖွင့်လိုက် ပိတ်လိုက်ဖြစ်တာ ခြေသံတွေနဲ့ စကားပြောသံတွေ ကြားရတာမျိုးတွေ ကြုံတွေ့ရတယ်လို့ ဆိုကြလေရဲ့။

သည်ဘင်ဆင်၊ ပို့တ်လန်းမြို့

သည်ဘင်ဆင် ဟိုတယ်မှာ ခြောက်တယ်ဆိုတဲ့ ဝိညာဉ်ကတော့ ဟိုတယ်ရဲ့ ပိုင်ရှင်ဟောင်း ကိုယ်တိုင်ပဲ ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဆိုင်မွန်ဘင်ဆင်ဟာ အသက်ရှိစဉ်က အရက် လုံးဝမသောက်သူဖြစ်တဲ့အတွက် ဟိုတယ်မှာ လာတည်းတဲ့ ဧည့်သည်တွေရဲ့ အရက်ပုလင်းတွေကို မှောက်ပစ်တတ်ပြီး စင်္ကြံလမ်းတွေထက်မှာ လျှောက်သွားနေတတ်တယ်လို့ ဆိုကြပါတယ်။

ဟိုတယ်ရုစဗဲ့လ်၊ လော့စ်အိန်ဂျလိစ်

ဒီဟိုတယ်မှာ ခြောက်တယ်ဆိုတဲ့ ဝိညာဉ်တွေကတော့ တော်တော်လေး ထူးဆန်းတယ်လို့ ဆိုရမှာပါ။ ကွယ်လွန်သူ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသမီးကြီး မာရီလင်မွန်ရိုးနဲ့ မင်းသားကြီး မောင်ဂိုမာရီကလစ်ဖ် တို့ရဲ့ ဝိညာဉ်တွေကို မြင်တွေ့ရလေ့ ရှိတယ်လို့ ဆိုကြပါတယ်။ ဧည့်သည်တွေရဲ့ ပြောပုံအရ မွန်ရိုးသိပ်ကြိုက်ခဲ့တဲ့ အခန်းနံပါတ် ၁၂၀၀ ကိုရောက်ရင် မှန်ထဲမှာ သူ့အရိပ်ကို မြင်ရလေ့ ရှိပါတယ်။ တချို့ဆိုရင် မွန်ရိုးရဲ့ ရေမွှေးနံ့ကိုတောင် ရပါသတဲ့။

Ref : Business Insider

  • VIA