News

POST TYPE

FOREIGN AFFAIRS

မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကင်မ်ဂျုံအီမှာ ရုပ်ရှင်ဝါသနာအိုး တစ်ယောက်ဖြစ်ပြီး မြောက်ကိုရီးယား ရုပ်ရှင်များ တိုးတက်ရန် ဆန္ဒရှိခဲ့ကြောင်း အထောက်အထား ထွက်ပေါ်
02-Nov-2016


မကြာသေးမီက ထွက်ရှိလာတဲ့ မှတ်တမ်းရုပ်ရှင် တစ်ခုမှာ မြောက်ကိုရီးယား အာဏာရှင်ဟောင်း ကင်မ်ဂျုံအီဟာ ရုပ်ရှင်ဝါသနာအိုး တစ်ယောက်ဖြစ်ပြီး မြောက်ကိုရီးယား ရုပ်ရှင်လောက တိုးတက်ဖို့လည်း ဆန္ဒရှိကြောင်း ဖော်ပြနေတဲ့ လျှို့ဝှက်တိပ်ခွေတွေ ပေါ်ထွက်လာခဲ့ပါတယ်။ 

The Lovers and the Despot ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ဟာ မြောက်ကိုရီးယားမှာ အဖမ်းခံခဲ့ရတဲ့ တောင်ကိုရီးယား သရုပ်ဆောင် တစ်ယောက်နဲ့ ဒါရိုက်တာ တစ်ယောက်တို့အကြောင်း ဖြစ်ပါတယ်။ 

The Lovers and the Despot ထဲမှာ တောင်ကိုရီးယား အမျိုးသမီး သရုပ်ဆောင် ချွမ်အွန်ဟီးနဲ့ ဒါရိုက်တာ ရှင်ဆန်အုတ်ခ်တို့ဟာ ၁၉၇၈ ခုနှစ်မှာ မြောက်ကိုရီးယား အေးဂျင့်တွေရဲ့ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းကို ခံရပြီး ၈ နှစ်ကြာ ထိန်းသိမ်းခံရကာ ရုပ်ရှင်ကားတွေ ရိုက်ကူးပေးဖို့ စေခိုင်းခံခဲ့ရတာကို တွေ့မြင်ကြရပါတယ်။ 

သူတို့နှစ်ယောက်ဟာ မြောက်ကိုရီးယားမှာ ဖမ်းဆီးခံထားရစဉ်မှာ ကင်မ်ဂျုံအီနဲ့ စကားပြော ဆွေးနွေးတာတွေကို တိပ်ခွေတွေနဲ့ လျှို့ဝှက် အသံဖမ်းထားခဲ့ကာ နောက်ပိုင်းမှာ ယင်းတိပ်ခွေတွေကို မြောက်ကိုရီးယားထဲကနေ ခိုးထုတ်နိုင်ခဲ့ပါတယ်။ 

အဲဒီအချိန်တုန်းက မြောက်ကိုရီးယားရဲ့ ယဉ်ကျေးမှုနဲ့ ဝါဒဖြန့်ချိရေးဝန်ကြီးအဖြစ် တာဝန်ယူနေတဲ့ ကင်မ်ဂျုံအီဟာ တောင်ကိုရီးယား သရုပ်ဆောင်နဲ့ ဒါရိုက်တာတို့ကို အတင်းအကျပ် ဖမ်းဆီး ခေါ်ဆောင်ခဲ့ရတဲ့အတွက် တောင်းပန်ကြောင်းနဲ့ သူ့နိုင်ငံရဲ့ ရုပ်ရှင်ကားတွေဟာ ဘယ်လောက် ညံ့ဖျင်းကြောင်း စိတ်ပျက် လက်ပျက် ပြောကြားနေတာတွေ အဆိုပါ လျှို့ဝှက်တိပ်ခွေတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ 

ဒါ့အပြင် မြောက်ကိုရီးယား ရုပ်ရှင်တွေဟာ တစ်ခါလာလည်း ဒါပဲ ဆိုသလို အိုင်ဒီယာ တစ်မျိုးတည်းသာ ဖြစ်နေတာကို စိတ်ပျက်မိကြောင်းနဲ့ သူတို့ဆီမှာ တောင်ကိုရီးယားမှာလို အရည်အချင်းရှိတဲ့ ဒါရိုက်တာတွေနဲ့ သရုပ်ဆောင်တွေ မရှိကြောင်း ပွင့်ပွင့်လင်းလင်း ကျယ်ကျယ်လောင်လောင် ပြောနေတာလည်း ပါဝင်ခဲ့ပါတယ်။ 

ချွမ်နဲ့ ရှင်တို့ဟာ မြောက်ကိုရီးယားမှာ ၈ နှစ်ကြာ ဖမ်းဆီးခံနေရစဉ် အတွင်းမှာ ရုပ်ရှင်ကား အမျိုးအစားစုံ ၁၇ ကားထိ ရိုက်ကူးပေးခဲ့ရကြောင်း The Lovers and the Despot အမည်ရှိ မှတ်တမ်း ရုပ်ရှင်ထဲမှာ ဖော်ပြထားပါတယ်။

 

Ref : CNN


  • VIA