News

POST TYPE

FOREIGN AFFAIRS

ဟောင်ကောင်အက်ရှင်ဇာတ်ကားရိုက်ကူးမှုကြောင့် ခြေဥပြင်ဆင်ရေး ထောက်ခံပွဲ ရက်ရွှေ့
25-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ရန်ကုန်မြို့လယ်၌ ဟောင်ကောင် အက်ရှင်ဇာတ်ကား Line Walker 2 ရိုက်ကူးနေသောကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို ထောက်ခံသည့် ထောက်ခံပွဲပြုလုပ်မည့်ရက် ရွှေ့ဆိုင်းထားကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

မူလက ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်ပြုလုပ်ရန်စီစဉ်ထားသော်လည်း အဆိုပါနေ့တွင် ဆူးလေဘုရားလမ်း မြို့တော်ခန်းမအနီးတွင် Line Walker 2 ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုကို တစ်နေကုန်ခွင့်ပြုထားသည့်အတွက် ဖေဖော်ဝါရီလ ၂၇ ရက် (ဗုဒ္ဓဟူးနေ့) သို့ ရွှေ့ပြောင်းလိုက်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိသူများက ပြောဆိုသည်။

ထိုသို့ရွှေ့ဆိုင်းထားခဲ့ရသည့်အတွက် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီမှ ညနေ ၆ နာရီအထိ မြို့တော်ခန်းမရှေ့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲပြုလုပ်သွားမည်ဖြစ်ပြီး NLD ပါတီအနေနှင့် ဖွဲ့စည်းပုံပြင်ဆင်နိုင်ရန် ကြိုးပမ်းနေမှုကိုထောက်ခံကြောင်းပြသရန် ပြုလုပ်ရခြင်းဖြစ်သည်ဟု အဆိုပါထောက်ခံပွဲ စီစဉ်ရာတွင်ပါဝင်သူတစ်ဦးဖြစ်သည့် ဦးကျော်သန်းက ပြောကြားသည်။

ယင်းထောက်ခံပွဲကို တရားဝင်ခွင့်ပြုမိန့်ဖြင့်ပြုလုပ်ခြင်းဖြစ်ပြီး လူဦးရေထောင်ချီ လာရောက်မည်ဟု ခန့်မှန်းထားကြောင်း၊ ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနထံမှလည်း ခွင့်ပြုချက်ရရှိထားပြီးဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ဘယ်သူ့ကို၊ ဘယ်အဖွဲ့အစည်းကိုမှ ပုတ်ခတ်တိုက်ခိုက်ဖို့ မဟုတ်ပါဘူး။ ပြည်သူတွေအနေနဲ့ ပြင်ချင်လိုတဲ့သဘောထားရှိတယ်ဆိုတာ ပြသလိုတဲ့အတွက်ပါပဲ”ဟု ဦးကျော်သန်းက ရှင်းပြသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းရန် NLD ပါတီက ပြည်ထောင်စုလွှတ်တော်၌ အဆိုတင်သွင်းထားခဲ့ရာ ယင်းအဆိုကို အတည်ပြုပြီးနောက်ပိုင်း အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံသည့်လှုပ်ရှားမှုများ မြန်မာနိုင်ငံဒေသအချို့၌ ပြုလုပ်လာခဲ့သည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းရေး အရေးကြီးအဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းခဲ့ရာ ယင်းအဆိုကို ကိုယ်စားလှယ် ၃၁ ဦးကဆွေးနွေးခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဆန္ဒမဲခွဲကာ အတည်ပြုခဲ့ခြင်းဖြစ်သည်။

NLD ပါတီက ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ကြိုးပမ်းနေမှုသည် လုပ်ထုံးလုပ်နည်းနှင့်မညီဟုဆိုကာ တပ်မတော်သား ကိုယ်စားလှယ်များနှင့် ပါတီအချို့မှ ကိုယ်စားလှယ်များကလည်း ကန့်ကွက်လျက်ရှိသည်။

J-08