News

POST TYPE

FOREIGN AFFAIRS

အီရန် အရှေ့တောင်ပိုင်းတွင် ဗုံးနှစ်လုံးပေါက်ကွဲ ရဲအရာရှိများဒဏ်ရာရ
31-Jan-2019


တီဟီရန်၊ ဇန်နဝါရီ ၃၀

အီရန်နိုင်ငံ အရှေ့တောင်ပိုင်း ဇာဟီဒန်မြို့ရှိ ရဲစခန်းရှေ့တွင် အင်္ဂါနေ့က ဗုံးနှစ်လုံးပေါက်ကွဲခဲ့ရာ ရဲအရာရှိသုံးဦး အသက်အန္တရာယ် မစိုးရိမ်ရသော ဒဏ်ရာများရရှိခဲ့သည်ဟု ဒေသခံတာဝန်ရှိသူများကပြောကြားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ဆွန်နီစစ်သွေးကြွအုပ်စုဖြစ်သည့် ဂျေ့ရှ်အယ်အက်က ဗုံးဖောက်ခွဲမှုသည် ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ကြေညာထားသည်။ ရဲစခန်းကို ပစ်မှတ်ထားကာ ပြင်းထန်သော ဗုံးနှစ်လုံးဖောက်ခွဲခဲ့သည်ဟု ထိုအဖွဲ့ကဆိုသည်။ ဗုံးပေါက်ကွဲမှုကြောင့် ရဲကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီး ပျက်စီးသွားခဲ့သည်။

ပထမဗုံးမှာ ခြောက်လှန့်ရန် ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ထို့နောက်တွင် လမ်းပေါ်၌ သံသယဖြစ်ဖွယ် အထုတ်တစ်ခုကို ထပ်မံတွေ့ရှိရသောကြောင့် ဗုံးရှင်းလင်းရေးအဖွဲ့က အန္တရာယ်ကင်းအောင် စနက်တံဖြုတ်ခြင်းမပြုလုပ်နိုင်မီ ပေါက်ကွဲသွားခဲ့သောကြောင့် ရဲအရာရှိသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆစ်စတန်ဘလူချက်စတန် ပြည်နယ်ရဲမှူးကြီး မိုဟာမက်ကမ်ဘာရီက ပြောကြားကြောင်း အီရန် IRNA သတင်းဌာနက ထုတ်ပြန်ခဲ့သည်။

ဇာဟီဒန်သည် အီရန်လုံခြုံရေးတပ်ဖွဲ့များနှင့် လက်နက်ကိုင် မူးယစ်ဆေးဝါးဂိုဏ်းများ၊ ဆွန်နီစစ်သွေးကြွများအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိသည့် ဆစ်စတန် ဘလူချက်စတန်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ အဆိုပါပြည်နယ်သည် ရှီးယိုက် မွတ်ဆလင် လွှမ်းမိုးသောအီရန်နိုင်ငံတွင် လူနည်းစုဆွန်နီမွတ်ဆလင် ဘလူးချက်စ် လူမျိုးစုများ အခြေချနေထိုင်ရာဒေသဖြစ်သည်။

ဘလူချက်စတန်ပြည်နယ်တွင် အောက်တိုဘာလအတွင်းက တော်လှန်ရေး အစောင့်တပ်ဖွဲ့ဝင်များ အပါအဝင် အီရန်လုံခြုံရေးတပ်ဖွဲ့ဝင်များ ပြန်ပေးဆွဲခံရသည့် ဖြစ်ရပ်သည်လည်း ၎င်းတို့လက်ချက်ဖြစ်သည်ဟု ဂျေ့ရှ်အယ်အက်အုပ်စုက ကြေညာထားသည်။ ပြန်ပေးဆွဲခံရသူအချို့မှာ ယခုအထိ ထိန်းသိမ်းခံနေရဆဲဖြစ်သည်။

ဂျေ့ရှ်အယ်အက်အုပ်စုက ၎င်းတို့၏တိုက်ခိုက်မှုများသည် ဘလူချက်စတန်ပြည်နယ်တွင် ဆွန်နီမွတ်ဆလင်များကို ရှီးယိုက်အာဏာပိုင်များက ဖိနှိပ်သောကြောင့် လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။

စက်တင်ဘာလအတွင်းက ပါကစ္စတန်နယ်စပ်တွင် ဂျေ့ရှ်အယ်အက်အဖွဲ့ ဒုတိယတပ်မှူးအပါအဝင် ဆွန်နီစစ်သွေးကြွလေးဦးကို အီရန်တော်လှန်ရေးအစောင့်တပ်များက တိုက်ခိုက်သုတ်သင်နိုင်ခဲ့သည်။

ရှီးယိုက်မွတ်ဆလင် အီရန်နိုင်ငံက ၎င်း၏နယ်မြေအတွင်းမှ ဆွန်နီခွဲထွက်ရေးသူပုန်များကို ဒေသတွင်းရန်ဖက် ဆွန်နီ မွတ်ဆလင် ဆော်ဒီနိုင်ငံက ထောက်ပံ့ပေးနေသည်ဟု စွပ်စွဲပြောဆိုထားသည်။ 

ဆော်ဒီနိုင်ငံကမူ အီရန်ပြည်တွင်းရေးကိစ္စများတွင် ပါဝင်ပတ်သက်ခြင်းမရှိဟု ငြင်းဆိုထားသည်။

F-04