News

POST TYPE

FOREIGN AFFAIRS

၀နကှှီးမှားရုံးတှငလှုပမှည့ှ ညဈေး၌ ဝိုငနှှင့ခှေါငရှညှ ရောငှးမည့အှစီအစဉှ ဝဖနခှေံရ
31-Jan-2019
ရန်ကုန်၊ ဇန်နဝါရီ ၃၀

ရန်ကုန်မြို့၏ သမိုင်းဝင်အဆောက်အအုံဖြစ်သည့် ဝန်ကြီးများရုံးဧရိယာတွင် အမေရိကန်နှင့်မြန်မာတို့ ပူးပေါင်းပြုလုပ်မည့် Night Fest at the Secretariat အမည်ရှိ ညဈေးတန်း၌ ဝိုင်မျိုးစုံနှင့်ရိုးရာခေါင်ရည်များ ထည့်သွင်းရောင်းချမည့် အစီအစဉ်ကြောင့် လူမှုကွန်ရက်တွင် ဝေဖန်ခံနေရသည်။

Signature Night Market Organizers အဖွဲ့က စီစဉ်သည့် ယင်းပွဲတော်ကို ဖေဖော်ဝါရီ ၁၁ ရက်နှင့် ၁၂ ရက် (ပြည်ထောင်စုနေ့) တို့တွင်ပြုလုပ်မည်ဖြစ်ပြီး ဝင်ကြေးကို ပြည်ပနိုင်ငံသားများအတွက် အမေရိကန်ဒေါ်လာ နှစ်ဒေါ်လာနှင့် ပြည်တွင်းပရိသတ်များအတွက် ကျပ်ငါးထောင် သတ်မှတ်ထားကြောင်း ပွဲစီစဉ်သူများက အသိပေးထားသည်။

“ဒါက ကျွန်တော်မေးစရာတောင် မလိုဘူး။ တကယ့် သမိုင်းဝင်နေရာကြီးဗျာ၊ ဗိုလ်ချုပ်တို့နဲ့ပတ်သက်နေတယ်။ စီးပွားရေးလုပ်ရမှာတော့ မှန်တယ်။ ဒါပေမဲ့လည်း စီးပွားရေးအတိုင်းအတာက ယဉ်ကျေးမှု ဆုံးရှုံးသွားတဲ့အတိုင်းအတာနဲ့ မလဲနိုင်ပါဘူး”ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ်မှ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက မှတ်ချက်ပြုသည်။

မြန်မာ-အမေရိကန် ပူးပေါင်းမှုအဖြစ် မြန်မာ့ရိုးရာခေါင်ရည်၊ အစားအသောက်များနှင့် နိုင်ငံခြားဖြစ် ကယ်လီဖိုးနီးယားဝိုင်မျိုးစုံ၊ အီတလီဝိုင်မျိုးစုံနှင့် Cheese မျိုးစုံကို မြည်းစမ်းခွင့်ရမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။

ထိုသို့ အဖျော်ယမကာများ ထည့်သွင်းရောင်းချသည့်ပွဲတော်တစ်ခုကို သမိုင်းဝင် အဆောက်အအုံဧရိယာတွင် ပြုလုပ်မည်ကို အစိုးရအဖွဲ့အနေနှင့် ခွင့်ပြုရန်မသင့်ကြောင်း လူမှုကွန်ရက်အသုံးပြုသူများက ဝေဖန်ခဲ့ကြသည်။

“ဒီနေရာ ဒီအဝန်းအဝိုင်းက ဒီလိုပွဲတော်မျိုး လုပ်ခွင့်ပေးသင့်တဲ့နေရာ ဟုတ်၊ မဟုတ် တာဝန်ရှိသူများ စဉ်းစားစေချင်တယ်”ဟု သာကေတမြို့နယ်မှ ကိုမင်းမင်းက မှတ်ချက်ပြုသည်။

အဆိုပါ ညဈေးတန်းပွဲတော်၌ အမေရိကန်ဘက်က Hard Rock Band နှင့် မြန်မာ့ရိုးရာဆီမီးခွက်၊ ရုပ်သေးအက အလှများ၊ မြန်မာနာမည်ကြီးအဆိုတော်များ၏ တင်ဆက်မှုများ ထည့်သွင်းထားကြောင်း အဆိုပါပွဲသို့သွားရန် လက်မှတ်မှာယူထားသူတစ်ဦးက ပြောဆိုသည်။

“သူတို့ဖေ့စ်ဘွတ်ခ်ပေ့ချ်မှာလည်း အဲဒီအတိုင်း ကြော်ငြာထားတယ်”ဟု ၎င်းကဆိုသည်။ 

ထို့ကြောင့် ဝင်ကြေးလက်မှတ် ဝယ်ယူနိုင်သည်ဟု အသိပေးထားသည့် Nightfest လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည့် ဆက်သွယ်ရမည့်ဖုန်း ဝ၉၉၅၅၁၂၀၃၇၉ ထံ The Voice သတင်းစာက ဇန်နဝါရီ ၂၉ မှ ၃၀ ရက်နေ့အထိ နှစ်ရက်ကြာ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

သမိုင်းဝင်အဆောက်အအုံဖြစ်သည့် ဝန်ကြီးများရုံး (အတွင်းဝန်များရုံး) ကို ယခုနှစ်အတွင်း ပြတိုက်အဖြစ်ဖွင့်နိုင်ရန် ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူများက စီစဉ်ထားသည်။ 
J-17