News

POST TYPE

FOREIGN AFFAIRS

ဟိမဝန္တာ ခရီးသည် (၅)
10-Jan-2019
ပိုခရာမှ လုမ္ဗိနီသို့

ညက ခရီးပန်းသွားသည့်အတွက် အတော်ပင် အိပ်ကောင်းခဲ့ရာ နံနက် ၇ နာရီလောက်မှ နိုးတော့သည်။ ပိုခရာမြို့တွင် အကောင်းဆုံးဖြစ်ဟန်ရှိသောဟိုတယ်တွင် ညအိပ်ကြပြီး နံနက် ၇ နာရီခွဲမှာ ဘရိတ်ဖတ်စ်စားကာ တစ်ခါတည်း ခရီးဆက်ကြဖို့ အစီအစဉ်ဆွဲထားပြီးဖြစ်သည်။ ဟိုဟိုဒီဒီ လည်ပတ်ကြည့်ရှုဖို့ပင် အချိန်မရ။ ဆရာဇင်လင်းတို့၊ ဆရာမ သင်းသင်းသာတို့က အစောကြီးနိုးနေပြီး ဓာတ်ပုံရိုက်နေကြတာ တွေ့ရသည်။ မိမိတို့နှင့် တောက်လျှောက်လိုက်ပါလာသော စကားပြန် ရာဒေ့ဗ်က မနက်စောစောထကြည့်လျှင် အလွန်လှပသော ရေခဲတောင်တွေကို မြင်ရမည်ဟုဆိုထားရာ စိတ်ဝင်စားနေသည်။ အိပ်ရာထနောက်ကျသဖြင့် နံနက်စာကို ကတိုက်ကရိုက်စားပြီး ဟိုတယ်ဝင်းအပြင်ဘက် ထွက်ကြည့်သည်။ သည်မြို့မှာက ရာသီဥတု သိသိသာသာကြီး အေးသည်။ ညကတည်းက အခန်းထဲမှာ အနွေးဓာတ်လွှတ်ထားပြီး အိပ်ရသည်။ အေးသော်လည်း အလွန့်အလွန် ခိုက်ခိုက်တုန်လောက်သည်အထိတော့ မအေး။ မနက်ခင်း ကောင်းကင်က သန့်စင်ပြီး ကြည်လင်နေသလို ရာသီက အေးစိမ့်စိမ့်မို့ နေလို့ကောင်းပါသည်။ ဟိုတယ်ဝင်း၏အပြင်ဘက် အဆောက်အအုံအချို့ကို ကျော်ပြီးကြည့်လိုက်သောအခါ ဟိုးအဝေးမှာ ဆွတ်ဆွတ်ဖြူသော ရေခဲတောင်ထိပ်တွေကို လှမ်းမြင်လိုက်ရသည်။ နံနက်ခင်း နေရောင်ထွက်ပြူ စမို့ ရေခဲတောင်ထိပ်များက အပြာရောင်မိုးသားနောက်ခံတွင် ထင်းခနဲ ဖြစ်နေသည်။ သည်လို ရေခဲတောင်ထိပ်တွေကို ဓာတ်ပုံတွေထဲမှာ၊ ရုပ်ရှင်တွေထဲမှာသာ မြင်ဖူးခဲ့သည်။ မိမိကိုယ်တိုင် မျက်လုံးဖြင့် ပထမဦးဆုံး ဖြူဆွတ်သည့်ရေခဲတောင်တွေကို မြင်လိုက်ရသောအခါ ဖော်မပြတတ်သည့် ခံစားမှုတစ်မျိုးကို ရရှိလိုက်သည်။ အံ့အားသင့်ဖွယ်ကောင်းသော တောင်တန်းကြီးများပါတကား။ ဟိမဝန္တာတောင်တန်းကြီးက ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင်တန်းဖြစ်သည်။ သည်တောင်တန်းများ၏ အထွတ်အထိပ်တွေက အမြဲလိုလို ရေခဲနေပြီး ဖြူဆွတ်နေကြသည်။ များသောအားဖြင့် မြင့်သော တောင်တန်းများနှင့် တိမ်တွေက ရောနေတတ်ရာ တောင်ထိပ်တွေကို တိတိပပမြင်ရလေ့မရှိ။ ယခုလို ရာသီဥတုသာယာသော နံနက်ခင်းတွေမှာပဲ ရေခဲသော တောင်တန်းတွေကို ရှင်းရှင်းလင်းလင်း မြင်ရတတ်သည်။ တောင်တွေက ဘာကို ညှို့ငင်နေသည်မသိ။ ကြည့်လို့မဆုံး၊ ကြည့်လို့မဝအောင် ရှိလှသည်။

ကမ္ဘာလှည့်ခရီးသည်တွေက သည်လိုတောင်တွေကို ကြည့်ချင်၍ လာကြတာဟုဆိုသည်။ ဗြိတိန်အိမ်ရှေ့မင်းသားတစ်ပါးဆိုလျှင် သည်တောင်ကြီးတွေကို နေ့တိုင်းထိုင်ကြည့်ဖို့ ရက်အတော်ကြာကြာ နေသွားဖူးသလို ဟောလိဝုဒ်က နာမည်ကျော် မင်းသားအချို့လည်း လှပသော ရေခဲတောင်တွေကိုကြည့်ဖို့ သည်မြို့ကို လာရောက်လည်ပတ်ခဲ့သည်ဟု သိရသည်။ ပိုခရာမြို့၏ ထူးခြားဆန်းကြယ်မှုက နှစ်မိုင်ပတ်လည်လောက်ကျယ်သည့် ရေကန်ကြီးတစ်ခု ရှိနေခြင်းဖြစ်သည်။ ပြာလဲ့သော ကန်ရေပြင်၏ နောက်ခံ၌ မြင့်မားသောတောင်တန်းကြီးနှင့် ထိုတောင်တန်း၏ အနောက်ဘက်၌ ရေခဲနေသော တောင်တန်းကြီးတွေ ရှိနေခြင်းဖြစ်သည်။ တောင်ပေါ်ရေကန်ကြီးထဲမှာ ခရီးသွားဧည့်သည်တွေက လှေဖြင့် အပျော်စီးလည်ပတ်နေကြတာ တွေ့ရသည်။ ထိုရေကန်ကြီးကို “ဖေဝါ”ရေကန်ဟု ခေါ်သည်။ ပိုခရာက ထိုရေကန်ကြောင့် ထင်ရှားသလို အနီးဝန်းကျင်ရှိ “အနာပူနာ” တောင်ခြေစခန်း (Base Camp) ကြောင်းလည်း ထင်ရှားသည်။ ဟိမဝန္တာတောင်တက်သမားတို့ အများဆုံး လာရောက်ကြသည့် တောင်တက်စခန်းဖြစ်သည်။

စောစောစီးစီးပင် ဟိုတယ်မှ ထွက်ခဲ့ကြသည်။ ကက်စကီဒေသ ဂျာနယ်လစ်အသင်းရုံးသို့သွားပြီး ဒေသခံဂျာနယ်လစ်တွေနှင့် မိတ်ဆက်တွေ့ဆုံရန်ဖြစ်သည်။ အစီအစဉ်အားလုံးကို နီပေါပရက်စ်ကောင်စီဥက္ကဋ္ဌ ကီရှောက ကြိုတင်စီစဉ်ထားခြင်းဖြစ်ရာ ရုံးအဆောက်အအုံရှေ့ရောက်သည်နှင့် ဒေသခံ သတင်းမီဒီယာအဖွဲ့မှ တာဝန်ရှိသူတွေက ကြိုဆိုနေကြသည်။ သိပ်မကျယ်လှသော ခန်းမဆောင်ထဲတွင် နေရာယူကြပြီးတော့ သူတို့ဓလေ့အတိုင်း ပန်းကုံးဝါဝါကြီးတွေ လည်ပင်းလာစွပ်ပေးသည်။ ချည်သားမာဖလာကို ပခုံးမှာ လာလွှားပေသည်။ ချည်သား နီပေါဦးထုပ်ကို ခေါင်းမှာ လာဆောင်းပေးသည်။ ချက်ချင်းပင် မိမိတို့နှင့် သီရိလင်္ကာ မီဒီယာအဖွဲ့ဝင်တွေ နီပေါလူမျိုးအသွင်ပြောင်းသွားသည်။ နီပေါဦးထုပ်က အိန္ဒိယခေါင်းဆောင် ဂျဝါဟာလာ နေရူးဆောင်းသော ဦးထုပ်ပုံသဏ္ဌာန်မျိုးဖြစ်သည်။ ခန်းမထဲမှာ တစ်ဦးချင်း မိတ်ဆက်စကားပြောကြ၊ ဥက္ကဋ္ဌများက မိန့်ခွန်းပြောကြ။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ မီဒီယာအတွေ့အကြုံချင်း ဖလှယ်ကြ။ နီပေါ၏ ဒုတိယအကြီးဆုံး ပိုခရာမြို့မှာ ဒေသထုတ်သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေအပြင် အွန်လိုင်းမီဒီယာ၊ ဒေသရုပ်သံလိုင်း၊ ဒေသရေဒီယို အက်ဖ်အမ် စုံစုံညီညီရှိရာ ကိုယ့်နိုင်ငံထက်တော့ မီဒီယာဖွံ့ဖြိုးနေတာ အမှန်ပဲဖြစ်သည်။

တွေ့ဆုံပွဲပြီးတော့ အဆောက်အအုံအပေါ်ဆုံးထပ်ကို တက်ကြသည်။ ထိုနေရာက ဟင်းလင်းပွင့်ဖြစ်ရာ ပိုခရာမြို့ ပတ်ဝန်းကျင်ရှုခင်းကို အပေါ်စီးမှမြင်နိုင်သလို အဝေးရှိ ရေခဲတောင်တန်းကြီးကိုလည်း ထင်ထင်ရှားရှားမြင်ရသည်။ ဓာတ်ပုံရိုက်ရန် အကောင်းဆုံးနေရာဖြစ်သဖြင့် တစ်ယောက်ပြီးတစ်ယောက် ဓာတ်ပုံရိုက်ကြ။ အစုအဖွဲ့လိုက်ဓာတ်ပုံရိုက်ကြသည်။ ရေခဲတောင်တွေက သည်နေရာကကြည့်လျှင် အလွန်ပင်လှပါသည်။ ဆွတ်ဆွတ်ဖြူနေသော တောင်ထိပ်တွေထဲမှာ ရေခဲတုံးတစ်တုံး ထောင်ထားသလို ချွန်မတ်နေသည့် တောင်ထိပ်တစ်ခုလည်း တွေ့ရသည်။ ခရစ္စတယ်တုံးတစ်တုံးနှင့်ပင် တူတော့သည်။ ထိုတောင်ကို မေးကြည့်တော့ “ငါးမြီးတောင်”(Fish Tail) ဟု ခေါ်ဆိုကြောင်း ပြောသည်။

ပိုခရာမြို့၊ ကက်စကီခရိုင် ဂျာနယ်လစ်ရုံးမှာ ဒေသခံ သတင်းသမားတွေနှင့်တွေ့ဆုံပြီးနောက် ဖေဝါရေကန်ဘက်သို့ ထွက်လာခဲ့ကြသည်။ အစီအစဉ်အရ ရေကန်ထဲကိုလှေစီးပြီး လှည့်လည်ကြည့်ရှုကြမည်။ မစ္စတာ ကီရှောက ခရီးစဉ်ကို ဦးဆောင်သူလည်းဖြစ်၊ နီပေါပရက်စ်ကောင်စီဥက္ကဋ္ဌလည်းဖြစ်သောကြောင့် ဘယ်နေရာသွားသွား သူ့ဩဇာမကင်း။ ယခု ဖေဝါ ရေကန်ထဲ လှေစီးပြီးကြည့်ကြမည်ဆိုတော့ ရေကန်အနီးရှိ ရဲစခန်းဘန်ဂလိုတစ်ခုထဲ ခေါ်သွားပြီး ကမ်းစပ်မှာဆိုက်ထားသော ရဲကင်းလှည့် မော်တော်တစ်စင်းပေါ် တက်စေသည်။ အထူးဧည့်သည်တော်တွေလာမှ ဤမော်တော်ကို သုံးသည်ဟုဆို၏။ ပုံမှန်ခရီးသည်လေးဦးခန့်သာ လိုက်ပါနိုင်သော ကင်းလှည့်လုံခြုံရေး မော်တော်ပေါ်တွင် မိမိတို့နှင့် သီရိလင်္ကာမီဒီယာအဖွဲ့ စုစုပေါင်းဆယ်ဦးခန့် လိုက်ပါခဲ့ရာ မော်တော် ဘယ်ညာမစောင်းအောင် ချိန်ပြီးထိုင်ကြရသည်။ အရေးပေါ်အသက်ကယ်အင်္ကျီကိုပါ တစ်ခါတည်းဝတ်ရသည်။ ဤလုံခြုံရေးမော်တော်က ဖေဝါရေကန်သို့ လာရောက်လည် ပတ်ကြသော ခရီးသည်တွေ ရေကန်ထဲ တစ်စုံတစ်ရာ အန္တရာယ်ဖြစ်လျှင်၊ ရေထဲကျသွားလျှင် အရေးပေါ်ကယ်ဆယ်ဖို့ အသုံးပြုသည်။

နံနက် ဆယ်နာရီခန့်ရှိပြီဖြစ်သော်လည်း ရေကန်ထဲမှာ အအေးဓာတ်က လွှမ်းမိုးနေဆဲဖြစ်သည်။ တောင်မြင့်ကြီးများ ဝန်းရံထားသည့် ရေကန်ကြီးမှာ ပြာပြီးကြည်လင်နေသည်။ မော်တော်ပေါ်ကမြင်ရသော ရေကန်ရှုခင်းက အလွန် ထူးခြားဆန်းကြယ်နေသည်။ ကန်ရေပြင်၏အခြားတစ်ဖက်မှာ တောင်မြင့်ကြီးတွေဖြစ်ပြီး အရှေ့ဘက်ခြမ်းမှာတော့ ပိုခရာမြို့က အဆောက်အအုံတွေကို မြင်ရသည်။ ရေကန်ဘေးရှိ ပိုခရာမြို့မှာ ကမ္ဘာလှည့်ခရီးသည် အများဆုံး လာရောက်ရာနေရာဖြစ်သလို ဟိုတယ်တွေ၊ တည်းခိုခန်းတွေ၊ စားသောက်ဆိုင်၊ အမှတ်တရ လက်ဆောင်ပစ္စည်းဆိုင်တွေနှင့် စည်ကားသောအရပ်ဖြစ်သည်။ ရေကန်အလယ်မရောက်မီ ကျွန်းငယ်တစ်ကျွန်းကို တွေ့ရပြီး ထိုကျွန်းပေါ်တွင် ဟိန္ဒူဘုရားကျောင်းတစ်ခုရှိသည်။ မိမိတို့ ဖြတ်လာစဉ် ကျွန်းပေါ်၌ ပရိသတ်တွေ စည်စည်ကားကားဖြစ်နေသဖြင့် မေးကြည့်ရာ ရိုးရာမင်္ဂလာပွဲ လာရောက်ဆင်နွှဲနေကြတာဟု ဆိုသည်။ ကန်ရေပြင်ထဲမှာ လှေငယ်ကလေးတွေ၊ အမိုးတပ်စက်လှေငယ်တွေ လူးလာခတ်နေသည်ကို တွေ့ရသည်။ ကမ္ဘာလှည့်ခရီးသည်တွေက ကန်ရေပြင်ထဲ အပျော်လှေစီးနေကြခြင်းဖြစ်သည်။ တောင်မြင့်ကြီးများပတ်လည်ဝိုင်းနေသော ဖေဝါရေကန်က အင်းလေးကဲ့သို့သော ရေကန်မျိုးမဟုတ်။ ရေပြာပြီး နက်သော ရေအိုင်ကြီးဖြစ်သည်။ မြောက်ဘက်အခြမ်းက ပိုကျယ်ပြီး တောင်ဘက်အခြမ်းက ကျဉ်းမြောင်းသည်။ ရေကန်တစ်ဖက် တောင်မြင့်ကြီးပေါ်မှာ ဂလိုက်ဒါစီးနိုင်သောစခန်းရှိပြီး စွန့်စားလိုသော ကမ္ဘာလှည့်တွေ သွားရောက်လေ့ရှိသည်ဆို၏။

တကယ်တော့ ရေကန်ထဲလှည့်ပြီး ရှုခင်းကြည့်ရုံသာ ဖြစ်သည်။ ဘာမျှမရှိ။ ပတ်ဝန်းကျင်ကတော့ ရေကန်၊ တောင်၊ တောင်၏နောက်ကွယ်က ဆွတ်ဆွတ်ဖြူနေသော ရေခဲတောင်တန်းတို့နှင့် အလွန်သာယာသည်။

နီပေါ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအဖွဲ့သည် ပိုခရာဝန်းကျင် ခရီးသွားဖွံ့ဖြိုးရေးကို မြှင့်တင်လျက်ရှိရာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း ထိုဒေသသို့ ခရီးသည် ၁၄၄,၀၀၀ ကျော် ဝင်ရောက်ခဲ့သည်ဟုသိရသည်။ ကမ်းပေါ်ပြန်တက်လာပြီးနောက် ဘန်ဂလိုတွင် ခေတ္တနားကာ ခရီးဆက်ကြသည်။ ယနေ့ခရီးစဉ်အဆုံးမှာ လုမ္ဗိနီ ဖြစ်သည်။ ပိုခရာမှ လုမ္ဗိနီအထိ မိုင် ၁၀၀ ဝန်းကျင်ခန့်ရှိပြီး နောက်ထပ် ခြောက်နာရီ၊ ခုနစ်နာရီခန့် ကားစီးကြရပါဦးမည်။

နီပေါရောက်ကတည်းက စိတ်အဝင်စားနေရာတစ်ခုမှာ ဂေါတမ ဗုဒ္ဓမြတ်စွာ ဖွားတော်မူရာ လုမ္ဗိနီဒေသဖြစ်သည်။ လောက၏ အကြီးမြတ်ဆုံး၊ တရားတော်ကို ထွင်းဖောက်သိမြင်ပြီး ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ရာ ဗုဒ္ဓအလောင်းအလျာ သိဒ္ဓတ္ထအား ဖွားမြင်သန့်စင်ခဲ့ရာ လုမ္ဗိနီမြေကို ခြေချခွင့်ရတော့မည့် အရေးအတွက် ရင်ခုန်နေမိသည်။ သူတို့လိုက်ပြသောနေရာတွေထက် မိမိတို့ပိုပြီး စိတ်ဝင်စားနေသည့်နေရာက လုမ္ဗိနီ ...။ လုမ္ဗိနီရောက်ဖို့ နောက်ထပ်ခြောက်နာရီ၊ ခုနစ်နာရီလောက် ခရီးဆက်ကြရဦးမည်။ ပိုခရာမြို့မှ ထွက်လာကြချိန်တွင်ပင် မွန်းလွဲ တစ်နာရီကျော်နေပြီ။ ဟိုတယ်မှာ ဘရိတ်ဖတ်စ် စားထားသည်မှလွဲ၍ ဘာမျှ ထူးထူးထွေထွေ မစားရသေး။ လမ်းမှာစားဖို့ လိမ္မော်သီးတွေ၊ အချိုရည်တွေ ပါလာသော်လည်း စားချင်စိတ်မရှိလှ။ ပိုခရာမှ လုမ္ဗိနီသို့သွားရာလမ်းမှာ လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာကျော်ကတည်းက ဖောက်ထားသည့် ကတ္တရာလမ်းဟောင်းဖြစ်သလို တောင်တွေကို ကွေ့ကာ ဝိုက်ကာဖြင့် ကျဉ်းမြောင်းသည်။ လမ်းတစ်လျှောက်လုံး မြေပြန့်ဟူ၍မရှိ။ ကားလမ်းက တောင်ခါးပန်းနှင့် ချိုင့်ဝှမ်းအကြားမှာရှိသည်။ အောက်ကိုငုံ့ကြည့်လိုက်လျှင် ရေစီးနေသော ချောက်နက်ကြီးကို မြင်ရမည်။ သည်လိုချိုင့်ဝှမ်းနှင့် တောင်တန်းတွေကြားမှာပဲ လူနေအိမ်တွေ၊ မြို့ငယ်၊ ရွာငယ်တွေကို တွေ့ရသည်။ နီပေါနိုင်ငံသားတွေက တောင်ပေါ်မှာပဲ အနေများကြပြီး တောင်ပေါ်မှာပဲ ရောင်းဝယ်ဖောက်ကားကြသည်။ တောင်မြင့်ကြီးတွေ၊ ချောက်ကမ်းပါးကြီးတွေပဲ မြင်နေရသဖြင့် သူတို့ဘယ်လို ဆက်သွယ်သွားလာနေကြသည်ကို အထူးအဆန်းဖြစ်နေမိသည်။ ကမ္ဘာကြီး၏ ဘယ်နေရာမှာပဲဖြစ်ဖြစ် လူတွေက မိမိတို့မွေးဖွားရာ ဇာတိတစ်ခုမှာတော့သည်လိုပဲ ကျင်လည်အသက်ရှင်ကြရသည် မဟုတ်ပါလား ...။

ချစ်ဝင်းမောင် (၈-၁-၂၀၁၉)