News

POST TYPE

FOREIGN AFFAIRS

၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူဦးရေ ငါးသန်းခန့် တိုးလာမည်
09-Jan-2019
နေပြည်တော်၊ ဇန်နဝါရီ ၉

၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူဦးရေမှာ ၂၀၁၅ ရွေးကောက်ပွဲထက် ငါးသန်းခန့်တိုးလာမည်ဟု ခန့်မှန်းထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြောဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြားသည်။

“၂၀၁၅ ကနေ ၂၀၂၀ လောက်ထိဆိုရင် လူဦးရေ ငါးသန်းလောက်။ ခန့်မှန်းချက်ကတော့ ငါးသန်းလောက်ရှိမယ်လို့ ခန့်မှန်းတယ်။ အဲ့ဒါတွေကတော့ တစ်နိုင်ငံလုံးနဲ့ ခြုံလိုက်တာပေါ့နော်။ မြို့ပေါ်မှာလည်း ၁၈ နှစ်ပြည့်ထားသူများ နိုင်တာပေါ့။ ကျေးလက်လည်းများ နိုင်တာပေါ့”ဟု ၎င်းက ဆိုသည်။

နေပြည်တော်ရှိ Grand Amara ဟိုတယ်တွင် ယနေ့( ဇန်နဝါရီ ၉ ရက်) ပြုလုပ်သည့် တစ်နိုင်ငံလုံးအဆင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ်ငန်းစတင်ခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနား ခေတ္တရပ်နားချိန်တွင် မီဒီယာများကို ပြောကြားခြင်းဖြစ်သည်။

တိုးပွားလာမည့် လူဦးရေစာရင်းတွင် ၂၀၁၅ ခုနှစ်က အရွယ်မရောက်သေးသူသည် ၂၀၂၀ တွင် မဲပေးနိုင်သည့် ၁၈ နှစ်ပြည့် စာရင်းထဲသို့ ရောက်ရှိခြင်းဖြစ်ကြောင်း ဦးမြင့်နိုင်က ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မဲစာရင်းအသစ်ပြုစုခြင်းကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ဖြင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြုစု၍ရသည့် အချက်အလက်ကို အခြေခံပြီး ရပ်ကွက်၊ ကျေးရွာအတွင်း အမှန်စာရင်းယူပြီး လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနတွင် ပြန်လည်စိစစ်မည်ဖြစ်ကြောင်း ဦးလှသိန်းက ရှင်းပြသည်။

“ရွှေ့ပြောင်းတွေက ပုံစံ ၁၀ မရှိဘဲ ပြောင်းလာကြတယ်။ လှိုင်သာယာဘက်ဆို အများကြီးပဲပေါ့။ ကဲ အဲ့ဒါတွေကို ဘယ်လို ထည့်သွင်းမလဲ။ မကျန်ခဲ့အောင်ဘယ်လို လုပ်မလဲ။ အခက်အခဲတွေက ဘာရှိသလဲ။ မြန်လည်း မြန်ဆန်အောင် အဲ့လိုပေါ့”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြောဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောသည်။

S-01